ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်းက ကျောက်တန်းနဲ့ လိုင်ဂွင်ကြားက တံတားအနီးမှာ မနေ့ညနေပိုင်းက မိုင်းပေါက်ကွဲသံတွေနဲ့အတူ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားရတာကြောင့် အဲဒီအနီးနားဝန်းကျင် ရွာ ၄ ရွာက ရွာသူရွာသားတွေဟာ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးကရွာတွေဖြစ်တဲ့ ကျောက်တန်း၊ လမုံးတိုင်၊ လိုင်ဂွင်၊ အောင်သာစည် စတဲ့ ရွာက ဒေသခံတွေဟာ သမီးလှကျေးရွာနဲ့ ဆောက်ခပ်၊ ထီးစွဲ၊ သောင်းဒရားစတဲ့ တိုက်ပွဲမဖြစ်တဲ့ ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျောက်တန်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သောင်းချေက အခုလို ပြောပါတယ်။
"ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတာ တရွာလုံး လူမမြင်ရတော့ပါဘူး၊ မိုင်းပေါက်တယ်လို့ ကြားတော့ ကျတော်တို့လည်း အဲဒီနေရာမှာ မနေရဲတော့ သမီးလှကမ်းဘက်ကို ထွက်ပြေးနေကြပါတယ်၊ မနေ့ညနေပိုင်း ကလည်း ထွက်ပြေးနေကြတယ်၊ ဒီနေ့ မနက်ပိုင်းထိ ထွက်ပြေးနေကြပါတယ်"
ထွက်ပြေးတိမ်းရှောင်နေတဲ့ အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်ပေမယ့် ထောင်ချီပြီး ရှိနိုင်တယ်လို့ ဦးမောင်သောင်းချေက ပြောပါတယ်။
ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတာ
ဒါ့အပြင် မနေ့ညနေက တိုက်ပွဲဖြစ်အပြီးမှာ ကျောက်တန်းရွာနဲ့ လိုင်ဂွင်ရွာက ရွာသား ၆ ယောက်လောက် ပျောက်ဆုံးနေ တယ်လို့ သူကဆိုပါတယ်။ ဘာကြောင့် အဲဒီကျေးရွာသားတွေ ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်းကို ရခိုင်တပ်တော် AA ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုရှိတယ်လို့ အခုလိုပြောပါတယ်။
"ကျောက်တန်းရဲ့အရှေ့ဘက် မီတာ ၂၅၀၀ လောက်မှာ တပ်က သွားတဲ့အခါမှာ AA ကနေ မိုင်း ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာရှိတယ်၊ ဟိုဘက်ကရော ဒီဘက်ကရော ထိခိုက်ကျဆုံးမှုရှိတယ်၊ ညနေ ပိုင်းလောက်မှာဖြစ်တာ၊ တိုက်ပွဲအချိန်က တစ်နာရီနီးပါးလောက် ကြာပါတယ်"
ရခိုင်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မနေ့က ရသေ့တောင်ဘက်မှာ ဗမာစစ်ကြောင်းတစ်ခုကို ကျတော်တို့ဘက်ကနေပြီးတော့ ကြားဖြတ်တိုက်ခိုက် ခဲ့တာတော့ရှိတယ်၊ လိုင်ဂွင်နဲ့ ကျောက်တန်းကြားမှာ တိုက်ပွဲဖြစ်တာရှိတယ်၊ ထိခိုက်ကျဆုံး ဘယ်လောက်ရှိတယ် ဆိုတာတော့ အသေးစိတ်မသိရသေးဘူး"
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်လာခဲ့တာ အခုဆိုရင် ၆လကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးရှောင် လေးသောင်းကျော်လောက် ရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် မသက်စုအောင် တင်ပြသည်)