သီပေါမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ထပ်တိုး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အစပ်က လွယ်ငင်းကျေးရွာ၊ ပါကမ်းကျေးရွာနဲ့နမ့်ငုတ်ရွာတွေအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေတို့ တိုက်ပွဲကြောင့် ပိတ်မိနေခဲ့တဲ့ ရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညပိုင်းနဲ့ ၂၀ရက်နေ့ မနက်ပိုင်းက မန်လီကျေးရွာကို ရောက်ရှိလာပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်း နဲ့၁၉ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီကိုရောက်လာတဲ့သူတွေဟာ ပါကမ်းနဲ့နမ့်ငုတ်ရွာ က ပလောင်တိုင်းရင်းသားတွေဖြစ်ပြီး လူဦးရေ ၅၅၀ လောက်ရှိတယ်လို့ ထွက်ပြးလာသူတွေကို သွားရောက်ကူညီခဲ့တဲ့ သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ က ကိုမျိုး ကပြောပါတယ်။

ဒီကနေ့မှာတော့ လူဦးရေထပ်တိုးလို့ စုစုပေါင်းလူဦးရေ ခြောက်ရာဝန်းကျင်ရှိပြီလို့လည်း သိရပါတယ်။

ထွက်ပြေးလာသူတွေအတွက် စာနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ၊ စောင်တွေ လိုအပ်နေပြီး သူတို့ကို မန်လီကျေးရွာ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် မန်လီကျေးရွာနဲ့ဆယ့်နှစ်မိုင်ဝေးတဲ့ နမ့်လန်ကျေးရွာအုပ်စုက ဆန်ဆီဟင်းစတာတွေ ကို သီပေါနဲ့နမ့်လန်က ပရဟိတအဖွဲ့တွေက သွားရောက်ထောက်ပံ့ထားပြီး ဒီကနေ့မှာတော့ လားရှိုးမြို့က အမျိုး သမီးမြှင့်တင်ရေးအဖွဲ့က လာရောက်ကူညီတာရှိတယ်လို့ နမ့်လန်ကျေးရွာအုပ်စု ဒီရားရိန်းဂျား ပရဟိတအဖွဲ့က ပြောပါတယ်။

မနေ့ကညအထိ လွယ်ငင်းကျေးရွာတဝိုက် ပစ်ခတ်သံတွေကြားနေပြီ ကျေးရွာအတွင်း မိုင်းထိလူနာနှစ်ဦးကိုတော့ နယ်မြေအခြေအနေအရ သယ်ထုတ်နိုင်တာ မရှိသေးဘူးလို့ ကိုဇော်ညီညီကြည် ကပြောပါတယ်။

သီပေါမြို့နယ်အတွင်းမှာ SSPPနဲ့RCSS တိုက်ပွဲကြောင့် ရွာသားတစ်ထောင်ကျော်ဟာ ဒီနေ့အထိ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

ကျောက်မဲမြို့ပေါ်မှာ စာမေးပွဲဖြေတဲ့ ကလေးတွေကလွဲလို့စစ်ဘေးရှောင်နေရတဲ့သူတွေ အားလုံးမနေ့က နေရပ်ပြန်သွားကြပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။