လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေ သုံးရက်အတွင်း ၁၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၀ ရက် မနေ့ည ၇ နာရီခွဲကျော်မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က စစ်ကောင်စီကို အားပေးထောက်ခံပြီး အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ အထည်ချုပ် စက်ရုံတစ်ရုံကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Free Tiger Ranger အဖွဲ့က RFA ကို ပြောပါတယ်။
"စစ်ကောင်စီက မြန်မာပြည်မှာ ပျော်စရာတွေ ရှိနေ၊ ဖြစ်နေတယ်ဆိုတာ ပြချင်တာပါ။ တော်လှန်ရေး အင်အားစုတွေက ဒါကို အဖြစ်မခံနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံဟာ အာဏာသိမ်းခံထားရပြီး စစ်အုပ်စုကို ရရာနည်းနဲ့ တွန်းလှန်တိုက်ခိုက်နေမယ့်၊ တိုက်ခိုက်သွားမယ်ဆိုတဲ့ မြေပြင်အခြေအနေမှန်ကို ချပြသွားမှာပါ"
တိုက်ခိုက်ခံရတဲ့ စက်ရုံအမည်ကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရဘဲ ဒီတိုက်ခိုက်မှုကြောင့် စက်ရုံလုပ်ငန်းရှင်ရဲ့ ကားခြောက်စီးခန့် ပျက်စီးမှုရှိနိုင်တယ်လို့ သူက ဆက်ပြောပြပါတယ်။
မနေ့ ညနေကလည်း အင်းလျားလမ်းပေါ်က စစ်သားနဲ့ ရဲတွေရဲ့ ကင်းစခန်းတစ်ခုကို တော်လှန်ရေးအင်အားစု အဖွဲ့ တစ်ဖွဲ့က ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ပစ်ခတ် သွားတာကြောင့် ရဲတစ်ဦး သေဆုံးသွားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာ ခဲ့ပါတယ်။
ဒါ့အပြင် မနေ့ညနေပိုင်းမှာပဲ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူး ကုဋေဖြိုးအောင်ကို တော်လှန်ရေးအဖွဲ့ တစ်ခုက ပစ်သတ်ခဲ့ပါတယ်။
ဗိုလ်မှူး ကုဋေဖြိုးအောင်အပြင် အနီးအနားက အရပ်ဝတ်နဲ့ စစ်ကောင်စီ တပ်သားနှစ်ဦးပါ သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ညနေ ၃ နာရီကျော် အထိ ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။
ဧပြီလ ၈ ရက်နေ့ကစပြီး ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို တိုက်ခိုက်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေး အမည်နဲ့ ဆောင်ရွက်နေတယ်လို့ NUG နဲ့ ပတ်သက်တဲ့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
အလားတူ ညီညွတ်သော ညီနောင်မဟာမိတ်များ (United Alliances - UAs) ကလည်း ပိတောက် စစ်ဆင်ရေးဆိုပြီး တိုက်ခိုက်တာတွေ ဆောင်ရွက်နေတယ်လို့ ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မြကန်သာ ဂေါက်ကွင်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုဟာလည်း နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ဂေါက်အိတ်သယ်အမျိုးသမီးဝန်ထမ်း မနှင်းနွယ်ဦး သေဆုံးခဲ့ရပါတယ်။
ဧပြီလ ၈ ရက်နေ့က လက်ရှိဆောက်လုပ်နေတဲ့ ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီး ဖောက်ခွဲတိုက်ခိုက်မှုကို ပိတောက်စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Dark Shadow အဖွဲ့က ဆောင်ရွက်တာဖြစ်တယ်လို့ ညီညွတ်သော ညီနောင်မဟာမိတ်များက ထုတ်ပြန်ထားပါတယ်။
သင်္ကြန်ကာလအတွင်းမှာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ တရားဝင် ကြေညာထားကြပြီး လူထုအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေအနား မသွားလာကြဖို့ သတိပေးထားပါတယ်။