ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် စုစုပေါင်း ၅၆ သိန်းလောက်ရှိပြီး ၂၀၁၅ ကထက် ၆ သိန်းလောက် ပိုလာတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။
မဲစာရင်းတွေ အိမ်ထောင်စုအလိုက် ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင်ကြေညာထားတာ ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံး မဲပေးနိုင်ခွင့်ရှိတဲ့ လူငယ် ၇ သိန်းလောက် ရှိတယ်လို့ ပြောပါတယ်။
မဲပေးပိုင်ခွင့် ရှိသူစာရင်း ၄ သိန်းလောက် မှားယွင်းနေတာဟာလည်း ကွန်ပျူတာစာရင်းရိုက်သွင်းတာ မှားယွင်းတာ ဖြစ်တယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်က မဲရုံအချို့ဖြစ်တဲ့ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင်အိမ်ယာနဲ့ ၃၄ ရပ်ကွက်တွေမှာ နာမည် မပါဝင်တာတွေ၊ သေဆုံးသွားသူတွေ စာရင်း ပြန်ပါလာတာတွေနဲ့ မှတ်ပုံတင်မှားယွင်းတာတွေ ရှိခဲ့ပြီး မှားယွင်းမှုတွေ အွန်လိုင်းမှာ ပျံ့နှံ့သွားမှာ စိုးရိမ်တဲ့အတွက် သတင်းမီဒီယာတွေကို ကင်မရာရိုက်ကူးခွင့် ပိတ်ပင် တားဆီးခဲ့ပါတယ်။
ရန်ကုန်တိုင်းမှာ မဲရုံပေါင်း ၅၇၀၀ နီးပါးလောက် ထားသွားမှာဖြစ်ပြီး ကိုဗစ်ကာလမှာ ကျင်းပရမှာ ဖြစ်တဲ့အတွက် အတိုးအလျှော့ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။