ထိုင်းစစ်တပ်နဲ့ ရန်သူမဟုတ်ကြောင်း “ဝ” တပ်ဖွဲ့ ထုတ်ပြန်

RFA Burmese
2024.12.09
ထိုင်းစစ်တပ်နဲ့ ရန်သူမဟုတ်ကြောင်း “ဝ” တပ်ဖွဲ့ ထုတ်ပြန် "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့ ၌ ပြုလုပ်သည့် စစ်ရေးပြ ချီတက်ပွဲတစ်ခုတွင် တွေ့ရစဉ်။
Photo: RFA

Updated 5:07 PM, Dec 9, 2024
 
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ထိုင်းစစ်တပ်နဲ့ ရန်သူတွေမဟုတ်ကြောင်း “၀” တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနက ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးကို လိုလားတဲ့ “၀” တပ်ဖွဲ့အနေနဲ့ ထိုင်းစစ်တပ်ကို တိုက်ခိုက်မယ်ဆိုတာ မဟုတ်မှန်ဘဲ စစ်ပွဲကို ဖန်တီးတဲ့ ကောလာဟလတွေကို “၀” တပ်ဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“၀” တပ်ဖွဲ့ ပြင်ပ ဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးကလည်း ဒီထုတ်ပြန်ချက်မှာ ပါတဲ့ “၀” တပ်ဖွဲ့ရဲ့ ပြောဆိုချက်တွေဟာ မှန်တယ်လို့ RFA ကို ဒီဇင်ဘာလ ၈ ရက်မနေ့က အတည်ပြုပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်း မြို့နယ်တွေကို “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသလို့ UWSA “ဝ” တပ်ဖွဲ့က သတ်မှတ်ထားတာပါ။

ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်မြေအငြင်းပွားမှု ပြဿနာတွေရှိနေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်က UWSA “ဝ” တပ်ဖွဲ့ ရဲ့ ၁၇၁ စစ်ဒေသတပ်စခန်း ကိုးခုကို ပြန်ဆုတ်ပေးဖို့ ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ က ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ တွေ့ဆုံခဲ့ချိန်မှာ ထိုင်းဘက်က တောင်းဆိုထားပါတယ်။

ဒီလို တောင်းဆိုပြီးနောက် ထိုင်းစစ်တပ်က အဲဒီဒေသတွေကို စစ်အင်အားဖြည့်နေတာကြောင့် “၀” တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်ကြား စစ်ရေးတင်းမာခဲ့ပါတယ်။

နယ်စပ်တင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာနဲ့ အမျိုးသားအဆင့် မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးကော်မတီက လာမဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ အခုရက်ပိုင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။