ကြေးနီစီမံကိန်း တိုက်ခိုက်ခံရလို့ ရှုတ်ချကြောင်း ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက မြန်မာ-ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ဧရိယာဝင်းထဲကို လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာနဲ့ ပတ် သက်ပြီး ကုမ္ပဏီဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အလေးမထားသလို စီမံကိန်းဧရိ ယာအဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးခဲ့လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း ဇွန်လ ၂၈ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကစပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF တွေက အဝေးပစ်လက်နက်ကြီးတွေနဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကို အချက်ပေါင်းမြောက် မြားစွာနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတာပါ။

ကြေးနီစီမံကိန်းထုတ်လုပ်မှုက ၁၆ လကျော်ကြာ ရပ်ဆိုင်းသွားခဲ့ပြီး ဝန်ထမ်းအများစုကို အခြေခံလစာ ပေးထားကြောင်း၊ ဝမ်ပေါင်အနေနဲ့ လက်ရှိ ပြည်တွင်းပဋိပက္ခဖြစ်စဉ်တွေမှာ ပါဝင်လိုခြင်းမရှိဘဲ ရွာတွေ ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ဝန်ထမ်းတွေ အသက်အန္တရာယ်ကင်းရှင်း ခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့်နဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် လေးစားပေးရန် တောင်းဆို ကြောင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်နေတဲ့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့၊ စစ်တပ်၊ ရဲတွေကို ပံ့ပိုးကူညီနေတာတွေ ဆက်မလုပ်ဖို့ PDF မဟာမိတ် တပ်ပေါင်းစုတွေက ဝမ်ပေါင်ကုမ္ပဏီကို သတိပေးခဲ့ပေမယ့် ကုမ္ပဏီဘက်က မလိုက်နာလို့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်း ဆားလင်းကြီး အခြေစိုက် LPDF တွေက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက် ညနေ ၆ နာရီခန့်မှာ စီမံကိန်းဧရိယာ ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးတွေ၊ လက်နက်ငယ်တွေနဲ့ တိုက် ခိုက်ခဲ့သလို ဇွန် ၂၄ ရက် ညမှာလည်း စီမံကိန်းကို သွယ်တန်းထားတဲ့ ဓာတ်တိုင်ကို ဖျက် ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကစလို့ အင်အား ၁၅၀ ခန့်နဲ့ ကြေးနီစီမံကိန်း ဧရိယာတစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ နှစ် သောင်းကျော်တို့ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အစပိုင်းမှာ သူတို့အနေနဲ့ ကုမ္ပဏီကို ကာကွယ်ဖို့ပဲ စစ်တပ်ကို ကင်းသဘောမျိုးချထား တယ်။ နောက်ပိုင်းမှာ စစ်ကြောင်းတွေလာရင် သူတို့ဆီမှာ ဝင်တယ်၊ နားတယ်၊ ရိက္ခာ ထောက်ပံ့ပေးတာတွေ ရှိတာပေါ့။ ထောက်ပို့သဘောမျိုး လုပ်နေတယ်။ အဲဒါမျိုး လက်ခံပြီး လုပ်တဲ့အခါမှာ ကျနော်တို့ဘက်မှာ ဆုံးရှုံးမှုများသွားတယ်။ အိမ်တွေ မီးရှို့ခံရတာတွေ ဒီလပိုင်းထဲ တော်တော်ဆိုးသွားတယ်ဗျ။ ကျနော့်ရွာက လူ သုံးပုံ နှစ်ပုံလောက်ဆို ဒီဒေသမှာ မရှိတော့ဘူး"

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်မှာ ကြေးနီစီမံကိန်းနဲ့ တစ်မိုင်အကွာက မိုးကြိုးပြင် (မြောက်ရွာ) မှာ အိမ်အလုံး ၃၀၀ ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါ တယ်။

တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ရဲ့ ဖက်စပ်လုပ်ငန်း ဖြစ်တဲ့ ဒီစီမံကိန်းကို ပြန်စမယ်ဆိုရင် တိုက်ခိုက်တာတွေ လုပ်ဆောင်သွားမယ်လို့ ဒေသ ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကတည်းက သတိပေးထားသလို စစ်ကောင်စီကလည်း ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်က ပြောထားပါတယ်။