စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ရန်ကုန်အခြေစိုက်အဖွဲ့တွေ မေတ္တာရပ်ခံ
2024.08.13
ရန်ကုန်မြို့ကို ခိုလှုံပြောင်းရွှေ့လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရန်ကုန်ပြည်သူတွေက ဝိုင်းဝန်းကူညီပေးကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေက မေတ္တာ ရပ်ခံလိုက်ပါတယ်။
နိုင်ငံတဝန်း စစ်ဖြစ်ပွားရာဒေသက ပြည်သူတွေဟာ နေအိမ်၊ ရပ်ရွာ၊ မြို့တွေ့ကို စွန့်ခွာပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေကို ပြောင်းရွှေ့နေကြရာမှာ ဖေးမကူညီကြဖို့ တော်လှန်ရေးအင်အားစု ၁၇ ဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။
ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်လာတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေကို နွေးထွေးပျူငှာစွာကြိုဆိုပြီး အိမ်ငှားခ၊ အဆောင်ငှားရမ်းခတွေကို ဈေးနှုန်းလျှော့ပြီး ငှားရမ်းပေးဖို့၊ မတန်တဆ စျေးနှုန်းမြှင့်တင်တာကို ကန့်ကွက်ရှုံ့ချသလို နေထိုင်စားသောက်ဖို့အတွက် ကူညီစီစဉ်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ကြဖို့နဲ့ လုပ်ဆောင်သူတွေကို ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချဖို့အပြင် စစ်ကောင်စီက စစ်ဘေးဒုက္ခသည် ပြည်သူတွေကို ကျူးလွန်ဖိနှိပ်တာတွေရှိရင် ဖော်ထုတ်သတင်းပေးဖို့ စတဲ့ အချက်ငါးချက်ကို ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။
တော်လှန်ရေးကာလရဲ့ အရေးကြီးအချိန်ရောက်ရှိနေချိန်ဖြစ်ပြီး ပြည်သူမှာ ပြည်သူပဲရှိတဲ့ စကားကို လက်တွေ့အသုံးချပြီး ပြည်သူအချင်းချင်းအကောင်းဆုံး ဝိုင်းဝန်းကူညီဖေးမကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု၊ တကသများရန်ကုန် (ASU)၊ Yangon Revolution Force-YRF၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ အပါအဝင် အဖွဲ့ပေါင်း ၁၇ ဖွဲ့က စစ်ဘေးဒုက္ခသည်ပြည်သူတွေကိုကူညီပေးကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။