မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် (၈) လမ်းပိုင်းသွားလာကြမယ့် ကားတွေမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ်ဆောင်လာရင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက အရေးယူသွား မယ်လို့ အမည်မဖော်လိုတဲ့ KNLA တာဝန်ရှိသူက ပြောပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ဆိုတဲ့ အချက် လေးချက်ပါ အမိန့်စာကို KNU တပ်မဟာ (၆) တပ်ရင်း (၂၇) က ဇွန်လ ၁၀ ရက်နေ့ကတည်းက ထုတ်ပြန်ထားတာပါ။
လမ်းအသုံးပြုသွားလာသူတွေအပေါ် စစ်ဆေးမယ့်အခြေအနေကို အမည်မဖော်လိုတဲ့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူက -
"ကုန်ကားသမားတွေက မလွှဲမရှောင်သာယူလာရတယ်ဆိုရင်တော့ ဒီဘက်ကတော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်မှာပေါ့၊ အတင်းပစ္စည်းတွေကိုသယ်ခိုင်းတာမို့လို့ သယ်ရတာပါဆိုရင်တော့ KNU ဘက်က သက်ညှာမှုတော့ရှိပါမယ်၊ သူက စကစနဲ့ ပတ်သက်နေလား၊ အတင်းသယ်လာခိုင်းလို့ သယ်ရတာလားဆိုတာ စိစစ်ပြီးတော့ အရေးယူမှုကတော့ သူတို့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်" လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်တာဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို စစ်တပ် စစ်အင်အား တိုးချဲ့တာ မလုပ်နိုင်အောင်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။
"ဒီလမ်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး စကစ ကတော့ တက်လာတယ်၊ ဒီလမ်းကို မဖြတ်တောက်ရင် သူတို့က အင်အားတိုးချဲ့မှုတွေ ထပ်လုပ်နေမှာပဲ။ ရည်ရွယ်ချက် ကတော့ စကစ လုံးဝတက်လာလို့မရအောင် အင်အားတိုးချဲ့လို့မရအောင်ပေါ့"
အခု အဲဒီလမ်းပိုင်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်ပစ္စည်း၊ ရိက္ခာနဲ့ လူတွေ အတင်းအဓမ္မ သယ်ဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
မွန်နဲ့ တနင်္သာရီလမ်းပိုင်းမှာ ကုန်စည်ကားမောင်းသူတစ်ယောက်ကတော့ ထားဝယ်နဲ့ တနင်္သာရီလမ်းပိုင်းမှာ စစ်တပ်ရိက္ခာသယ်ပို့ခိုင်းတာ ငြင်းဆန်လို့မရတာကြောင့် နှစ်ကြိမ် သယ်ပို့ပေးခဲ့ရတယ်လို့ ပြောပါတယ်။
"အဲဒါတွေက မသယ်ဘူးဆိုလည်း ရမှမရတာ ထိုးတင်ပေးတာပဲ။ ဟိုနားလေးထားခဲ့ပေး၊ ဒီနားလေးထားခဲ့ပေး။ သူတို့က အတင်းထိုးတင်ပေးတာ၊ ရှာလို့တွေ့သွားလည်း ဆင်ခြေပေးပြောဆိုရင် ရတယ် ဘာညာနဲ့ဆိုတာချည်းပဲ၊ PDF တွေက ဖြေရှင်းလို့ရရင် တော်သေး။ ဖြေရှင်းမရရင် ဘာပြောရမှာလဲ၊ တော်တော်ခွကျတယ်" လို့ ကုန်ကားယာဉ်မောင်းက ပြောပါတယ်။
ဒီ အမိန့်စာဟာ ဇွန်လ ၁၅ နေ့ကနေ စတင်သက်ရောက်မှာဖြစ်ပြီး နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ အခု အမိန့်စာက အကျုံးဝင်မှာဖြစ်တယ်လို့ KNLA တပ်ရင်း (၂၇) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
နယ်မြေဒေသအတွင်း KNU ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်သတင်းပို့ကြဖို့နဲ့ လုံခြုံရေးအထူးသတိထားပြီး ရဲစခန်း၊ ကင်းစခန်း၊ လုံခြုံရေးဂိတ်တွေ တိုက်ခိုက်မခံရရေး ကြပ်မတ်ဆောင်ရွက်ကြဖို့ မော်လမြိုင်ခရိုင် ဒု ရဲမှူး ဇော်ဝင်းအောင်က ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။