ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ်တွေဟာ မနေ့က သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် အဲဒီ သက်သေခံလက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဒီနေ့က စပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လက်ခံသိမ်းဆည်းနေပါတယ်။
ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို လဝက ဌာနက အပ်နှံပြီးကြောင်း အထောက်အထားဖြတ်ပိုင်း စာရွက်တစ်ခုစီ ထုတ်ပေးသွားမှာဖြစ်တယ်လို့ စစ်တွေ မြို့နယ် လဝကမှူး ဦးခင်မောင်ထွန်း ကပြောပါတယ်။
"သူသတ်မှတ်ထားတဲ့ရက်အလိုက် ၁၃၊ ၁၄ သြင်္ကန် ရက်ပေါ့၊ ဝှိုက်ကဒ်မရှိရင် အပ်စရာမလိုဘူး၊ တချို့ပျောက်သွားတဲ့သူတွေလည်းရှိတယ်၊ ပျောက်သွား ရင်လည်း နံပါတ်က အနီးစပ်ဆုံးပဲမှတ်မိတာ၊ မမှတ်မိလည်း လုပ်တဲ့ခုနှစ်က ဘယ်နှစ်ကလုပ်လဲ စာရင်းကို လိုက်ရှာတယ်"
စစ်တွေမြို့နယ် သက္ကယ်ပြင်၊ မောင်နီပြင်၊ ဥယျာဉ်သာ စတဲ့ ကျေးရွာအုပ်စု ၃ ခုမှာ လဝက ဝန်ထမ်းတွေက ရပ်ရွာ လူကြီးတွေနဲ့ ဒီနေ့ စတင် သိမ်းဆည်းနေ တာဖြစ်ပါတယ်။
ယာယီသက်သေခံလက်မှတ် သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးပြီး လက်မှတ်ကိုင်ဆောင်ထားသူတွေ အနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံး ထား ပြန်လည်အပ်နှံကြဖို့ နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ၆ သိန်းလောက်ရှိပြီး အဲဒီအထဲက ၄ သိန်းကျော်ဟာ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေဖြစ် တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံတင်ပြထားတာ နားဆင်နိုင်ပါတယ်။