Channel Mandalay သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ထောင် ၅ နှစ် အမိန့်ချခံရ

ဖမ်းဆီးခံထားရတဲ့ Channel Mandalay သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို စစ်ကောင်စီက ပုဒ်မ ၅၂ (က) နဲ့ စွပ်စွဲပြီး ဒီနေ့ အိုးဘိုထောင် အထူးတရားရုံးကနေ ထောင်ငါးနှစ် ချလိုက်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေက RFA ကို ပြောပါတယ်။

ကိုဝင်းနိုင်ဦးဟာ စက်တင်ဘာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး အဲဒီ တုန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စွပ်စွဲခဲ့တာလို့ အဲဒီရှေ့နေက ပြောပြပါတယ်။

"သူက အရင်တုန်းက ၅၀၅ (က) နဲ့ စွဲခံရပြီး လွတ်ငြိမ်းထဲမှာ ပါသွားတာ။ ဒီအမှုက ၅၀၅ နဲ့ လွှတ်ပြီးမှ စွဲဆိုထားတာ။ ဆယ်လပိုင်းမှ ပြန်စွဲတာပါ"

ပုဒ်မ ၅၀၅ (က) နဲ့ စွဲဆိုခံရတာကနေ ကင်းလွတ်သွားခဲ့တဲ့ ကိုဝင်းနိုင်ဦးကို ပြီးခဲ့တဲ့နှစ် အောက် တိုဘာ ၁၇ ရက် နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်ပြီး ဖမ်းဆီးကာ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကိုဝင်းနိုင်ဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး မိသားစုနဲ့လည်း ထောင်ဝင်စာ တွေ့ခွင့်ရတယ်လို့ ရှေ့နေက ပြောပါတယ်။

Channel Mandalay TV သတင်းဌာနဟာ လယ်ယာမြေအရေး၊ တရားရေး နစ်နာမှုတွေကို အဓိက ဖော်ပြခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လအနည်းငယ်အကြာမှာ ရပ်နားထားတဲ့ သတင်းဌာန ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း စစ်ကောင်စီဟာ ဖမ်းဆီးခံ သတင်းသမား ခြောက်ယောက်ကို ထောင်ဒဏ်တွေ အသီးသီး အမိန့်ချမှတ်ခဲ့ပါတယ်။