ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းတွေကို ပြည်ထောင်စုဝန်ကြီး သွားရောက်
2017.03.03

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းထား တဲ့ ငွေကျပ်သိန်းသုံးထောင်ကို ဒုက္ခသည်စခန်းတွေရဲ့ လတ်တလောလိုအပ်ချက်တွေနဲ့ စခန်းအတွင်းနေထိုင်သူတွေ အသက်မွေးပညာတွေ သင်ပေးနိုင်ဖို့ အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
အလှူငွေတွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနိုင်ဖို့အတွက် ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ် အတွင်းက ဒုက္ခသည်စခန်း ၁၂ ခုကို သွားရောက်လေ့လာခဲ့တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"ကချင်ပြည်နယ်မှာပဲလေ မြစ်ကြီးနားပေါ်သွားတယ်။ ဝိုင်းမော်သွားတယ်။ အဲ့နှစ်ခုပေါ့ ။ ကျနော်တို့ ဒုက္ခသည်စခန်း ၁၂ ခုသွားပြီးသွားပြီ၊ ဒီတစ်ခါတော့ ထူးခြားတဲ့ အစီစဉ်တစ်ခုပါတယ်။ ဒါကတော့ နိုင် ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေပြီးတော့ လှူဒါန်းတဲ့ငွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အကောင်အထည်ဖော်ပေးတာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေပြီးတော့ သိန်း ၃၀၀၀ လှူဒါန်းပါတယ်။"
မနက်ဖြန်မှာ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေက စခန်းတာဝန်ခံတွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုအစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဒုက္ခသည်စခန်းတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေအတွက် လှူဒါန်းတဲ့ ငွေကျပ်သိန်းသုံးထောင် ဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်ငွေ ဖြစ်ပါတယ်။
အဲဒီငွေတွေကို ကချင်ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးပြီး လှူဒါန်းမှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။