ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ခန့်အပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အမည်စာရင်း တင်သွင်း လိုက်ပါတယ်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်နယ်ဝန်ကြီးနေရာအတွက် အဆိုပြုတင်သွင်းဖို့ ပါတီက ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။
"ပြည်နယ်ဝန်ကြီးနေရာကို ပါတီနဲ့ ပြည်သူက တာဝန်ပေးလို့ရှိရင်တော့ လုပ်မယ်ဆိုတာမျိုး ကျနော်ပြောထားတာ ရှိတယ်၊ တကယ်လို့ ဝန်ကြီးနေရာရရင် မိမိရဲ့မြို့ရွာတွေကို ဖွံ့ဖြိုးမှုကောင်းအောင် အတတ်နိုင်ဆုံး တာဝန်ယူပြီး လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်"
အခုလို အမည်စာရင်းတင်သွင်းတဲ့အပေါ် ကန့်ကွက်မယ့်သူရှိရင် မတ်လ ၉ ရက်နေ့ နောက်ဆုံးထားပြီး အမည် စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။
အရင် စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးမင်းအောင်ဟာ ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တာကြောင့် တာဝန်ကနေရပ်စဲဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာ နိုင်ငံတော် သမ္မတက အတည်ပြု ရပ်စဲခဲ့တာဖြစ်ပါတယ်။
အခုလို အမည်စာရင်းတင်သွင်းမှုအပေါ် ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ ကန့်ကွက်မယ့်သူမရှိဘူးဆိုရင် ပြည်နယ်လွှတ်တော်က ဆက်လက်အတည်ပြုရမှာဖြစ်ပါတယ်။
