တီးတိန်မှာ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက အာလွယ် (Aklui) ကျေးရွာမှာ အသက် ၂၇ နှစ် အရွယ် ကလေးမီးဖွားပြီးခါစ မိခင်တစ်ဦးကို စစ်ကောင်စီတပ်သား သုံးယောက်က နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံက RFA ကို ပြောပါတယ်။
တီးတိန်-ကလေး သွားတဲ့လမ်းပိုင်းမှာရှိတဲ့ အဲဒီရွာကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာ ရွာမြောက်ဘက် ၃ မိုင်အကွာမှာရှိတဲ့ ကနေဒီတောင်ခြေရင်းကနေ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာခဲ့တာလို့ အဲဒီ ဒေသခံက ဆိုပါတယ်။
“ယောက်ျားကို သေနတ်နဲ့ထောက်ပြီးတော့ ရေချိုးခန်းကိုခေါ်ပြီး ဝတ်ခိုင်းတယ်။ ခေါင်းကို ထုတယ်။ အနားမှာရှိတဲ့ ကြွေပန်းကန်တွေနဲ့ ခေါင်းတွေကို ရိုက်တယ်။ ခေါင်းလုံးဝမဖော်အောင် တစ်ယောက်က စောင့်နေတယ်။ နောက်တစ်ယောက်က သူ့မိန်းမကို သူ့ယောက်ျားရှေ့မှာပဲ အဓမ္မပြုကျင့်တယ်။ သုံးယောက်စလုံးက ၁၁ နာရီမှာတစ်ခါ။ ည ၁၂ နာရီမှာ နှစ်ယောက်က ပြန်လာပြီး ခုနကလိုပဲ ပြန်လုပ် တယ်”
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးမှာ တစ်လသားအရွယ် ကလေးကို မွေးပြီးခါစဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
အဓမ္မပြုကျင့်ပြီးနောက်မှာလည်း ဒီစစ်သား သုံးယောက်ဟာ ဆွဲကြိုးနဲ့ နားကပ်တွေကိုလည်း ယူသွားတယ်လို့ ဒေသခံက ပြောပြပါတယ်။
အဲဒီဖြစ်စဉ်အခြေအနေ အသေးစိတ်တွေကို သိနိုင်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း ဆက်လက် စုံစမ်းမှုလုပ်နေတယ်လို့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက RFA ကို ပြောပါတယ်။
RFA အနေနဲ့ ဒီအဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ် ကျေးရွာမှာ ခြံစောင့်နေတဲ့ အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီး တစ်ယောက်ကို စစ်ကောင်စီ တပ်သား တစ်ယောက်က အဓမ္မပြုကျင့်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က အသက် ၆၂ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုကို ဝန်ခံထားပြီး စစ်ဘက်ဥပဒေ အပြင် အရပ်ဘက်ဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။