မဖြူနှင်းထွေးကို လွှတ်ပေးဖို့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ တောင်းဆို


2014.09.20
phyu-hin-htwe-305.jpg အဖမ်းခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးပုံ
Photo: Jasmine Black Facebook

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေးကို ပြန်လည် လွှတ်ပေးဖို့  ရန်ကုန်မြို့ Excel Hotel မှာကျင်းပတဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက် လာကြသူတွေက လတ်မှတ်ရေးထိုး တောင်းဆိုလိုက် ပါတယ်။

မဖြူနှင်းထွေး ဖမ်းဆီးခံရမှုဟာ မတရားဖမ်းဆီးတာဖြစ် တဲ့အတွက် အခုလို လတ်မှတ်ရေးထိုး တောင်းဆိုကြ တာလို့ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

"ဒီဖိုရမ်လုပ်နေတဲ့အချိန်မှာ အဖမ်းခံရတဲ့ မဖြူနှင်းထွေး အတွက် ဒါဟာ အမျိုးသမီးလည်းဖြစ်တယ်၊ နောက် တစ်ခုက ဒါမတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ မိန်းကလေးဖြစ်တဲ့အခါကျတော့ မတရားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီပေးကြဖို့ပေါ့နော်၊ မဖြူနှင်းထွေး ဒီဟာကိုမလုပ်ဘူးဆိုတာ ဘာကြောင့် သေချာတယ်ဆိုတာမျိုးတွေ အနည်းအကျဉ်းလောက် ကျမပြောဖြစ်ပါတယ်၊ အားလုံးက ကြိုပြီးတော့သိနေကြတဲ့ သူတွေလည်းရှိတယ်ပေါ့နော်၊ တကယ်ကို စိတ်ပါပြီးတော့ ဝိုင်းဝန်းလက်မှတ်ရေးထိုးကြတယ်ပေါ့"

ဒီကနေ့ဆွေးနွေးပွဲကို တတ်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက အမျိုးသမီးတွေ လက်မှတ်ရေးထိုး တောင်းဆိုကြတာဖြစ်ပြီး၊ အဲဒီလက်မှတ်တွေကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

မဖြူနှင်းထွေးကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ပြီးခဲ့တဲ့မေလအတွင်း ရွာသားတွေနဲ့ တရုတ်ဝန်ထမ်းတွေကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အခုစက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

ဒီနေ့ကျင်းပခဲ့တဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့  ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ရတနာပုံ အဝေးသင်တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအကြောင်းနဲ့ ပတ်သက်လို့ လက်ပံတောင်းဒေသခံ ဆရာတော် ဦးအာလောကကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။