ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်ရုံ ဝင်းအတွင်းရှိ ADK အထည်ချုပ်စက်ရုံက အလုပ်သမား နှစ်ထောင်ခန့် ဇူလိုင်လ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
နေ့စဉ်လုပ်ခ တိုးပေးဖို့၊ ထုတ်လုပ်မှု ဆုကြေးနဲ့ ကျွမ်းကျင်မှု ဆုကြေးတိုးပေးဖို့ ဆန္ဒပြ အထည်ချုပ်အလုပ်သမားတွေက တောင်းဆိုပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့၊ အဲဒီနေ့မှာ အစားထိုး အလုပ်မဆင်းခိုင်းဖို့၊ အလုပ်သမားတွေရဲ့ ဆေးခွင့်၊ လူမှုရေးခွင့်တွေ ခံစားခွင့် ပေးတဲ့အနေနဲ့ အလုပ်ပျက်ရက်တွေမှာ လစာမဖြတ်ဖို့ စတဲ့အချက် ၁ဝ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ညှိနှိုင်းဖို့အတွက် အလုပ်သမားခေါင်းဆောင် နှစ်ဆယ်ဦး အပါအဝင် အလုပ်သမားဦးစီးဌာနနဲ့ ADK အထည်ချုပ်စက်ရုံဘက်က တာဝန်ရှိသူတွေ နေ့လယ်ပိုင်းကစပြီး ညနေပိုင်းအထိ ဆွေးနွေးခဲ့ကြပါတယ်။
အလုပ်ရှင်၊ အလုပ်သမားနဲ့ ဌာနဆိုင်ရာတွေ ညှိနှိုင်းအဆင်ပြေခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံဘက်က လိုက်လျောမှာဖြစ်တယ်လို့ နွေးဆွေးတဲ့အထဲပါဝင်သူ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“ဆွေးနွေးမှုရလဒ်ကတော့ ကောင်းပါတယ်။ သူတို့ဘက်က ကျနော်တို့ တောင်းဆိုတာကို လက်ခံတယ်။ ပေးမယ်ပေါ့နော်။ လအကန့်အသတ်တော့ ရှိတယ်။ ထုတ်လုပ်မှုဆုကြေးနဲ့ ကျွမ်းကျင်မှုဆုကြေးတွေကို အော်ဒါကောင်းတဲ့ အချိန်မျိုးမှာ ပေးမယ်။ အော်ဒါမကောင်းတဲ့ အချိန်ကျရင်တော့ နည်းမယ်။ အခုပြဿနာကတော့ ပြီးသွားပြီး။ နှစ်ဦးနှစ်ဖက်လုံး ပြေလည်သွားပြီ။ အလုပ်သမားတွေ အများစုလည်း ကျေနပ်ကြမှာပါ”
ဆွေးနွေးကြတဲ့အထဲ လူမှုကြီးကြပ်ရေးအဖွဲ့တွေ အပါဝင် တိုင်းမှူးအဆင့်ထိ လာရောက်ခဲ့တယ်လို့ သူက ပြောပါတယ် နေထိုင်မကောင်းလို့ ခွင့်ယူတဲ့အခါ စနစ်တကျ ခွင့်စာတင်ပေးဖို့အတွက် စက်ရုံဘက်က အလုပ်သမားတွေကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်အတွင်းမှာလည်း ဆဲဆိုခိုင်းစေတာ၊ ခွင့်ယူတဲ့အခါ လစာဖြတ်တာ၊ လုပ်ငန်းသုံးပစ္စည်းတွေ လုံလုံလောက်လောက် မပေးတာတွေ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
ADK အထည်ချုပ် စက်ရုံမှာ အထည်ချုပ်အလုပ်သမား ၇၀၀၀ နီးပါး လုပ်ကိုင်နေပြီး နိုင်ငံတကာ အားကစား အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ CRIVIT တံဆိပ်နဲ့ သားမွေး အနွေးထည်တွေကို အဓိကထား ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံပေါင်း ရာနဲ့ချီ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။