မန္တလေးတိုင်းအတွင်းက အကျဉ်းထောင်တွေမှာ တစ်ချို့ဟာ အပြစ်မရှိဘဲ မှားယွင်းပြီး ပြစ်ဒဏ်ချမှတ်ခံရကြောင်း တင်ပြသူတွေ ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
အကျဉ်းကျခံနေရသူတွေပြောတာဟာ မှန်တယ်လို့ မထောက်ခံပေမယ့် ပြောဆိုသူတွေ များလာတာကြောင့် စဉ်းစားစရာဖြစ်လာတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
"အကျဉ်းထောင်အားလုံးရဲ့ သတင်းပေးပို့ချက်တွေကတော့ သူတို့မှားယွင်းပြီး အရေးယူခံရပါတယ်၊ မတရား ဖမ်းဆီးခံရပါတယ်၊ မတရား ထောင်ချခံရပါတယ်လို့ ပြောတဲ့သူက များပါတယ်၊ အန်ကယ်တို့ကတော့ သူတို့ ပြောတာကို မှန်တယ်လို့ မထောက်ခံပါဘူး၊ သို့သော် စဉ်းစားစရာတော့ ဖြစ်နေပြီလို့၊ အဲဒီလိုပြောတဲ့သူက တစ်နေရာတည်း မဟုတ်ဘဲနဲ့ ထောင်ပေါင်းများစွာမှာ နေရာပေါင်းများစွာ ပြောလာပြီဆိုရင်တော့ ဖမ်းဆီး တရားစွဲဆိုတဲ့သူတွေကို လည်း စဉ်းစားစရာရှိသလို ဆုံးဖြတ်တဲ့ပုဂ္ဂိုလ် တရားရုံးကိုလည်း စဉ်းစားစရာ ဖြစ်လာတာပေါ့နော်"
မူးယစ်ဆေးဝါးအမှုတွေမှာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူအပြင် အနီးအနားမှာ ရှိနေသူတွေပါ ဖမ်းဆီးထောင်ချခံ ရတာတွေ၊ လူသတ်မှုတွေနဲ့ဆက်စပ်ပြီး အပြစ်မရှိတဲ့သူ ပြစ်ဒဏ်ကျခံနေရတာမျိုးတွေ ရှိတယ်ဆိုပြီး ပြောဆိုတာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ မန္တလေးတိုင်းအတွင်းက အိုးဘို အကျဉ်းထောင်၊ ပခုက္ကူ အကျဉ်းထောင်၊ ကျောက်ဆည် နဲ့ ထုံးဘိုမြို့နယ်တွေက ကျောက်ထုတ်စခန်းတွေ နဲ့ တရားရုံး အချုပ်ခန်းတွေ ကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ပခုက္ကူ အကျဉ်းထောင်ဟာ လူဦးရေ ၄၀၀ ကျော်သာဆံ့ပေမယ့် လက်ရှိမှာ အကျဉ်းကျခံနေရသူ ၅၀၀ ကျော် ရှိနေကြောင်း၊ ကျောက်ထုတ်စခန်းတွေမှာလည်း နားနေတဲ အရေအတွက် လုံလောက်မှုမရှိကြောင်း နဲ့ အမျိုးသမီး ကျောက်ထုတ်စခန်းမှာ ကျောက်တောင်းအလေးချိန် များနေတာတွေရှိကြောင်း ဦးယုလွင်အောင် က ပြောပါတယ်။
အိုးဘို အကျဉ်းထောင်မှာတော့ အကျဉ်းကျခံနေရသူ ၉ ထောင်နီးပါးရှိပြီး ကလေးမိခင် အယောက် ၄၀ လောက် ရှိတာကြောင့် ထောင်ထဲမှာ ကလေးတွေအတွက် မူကြိုကျောင်းလည်း ဖွင့်ထားပေးရသလို ၈ တန်း၊ ၉ တန်း နဲ့ ၁၀ တန်းတွေမှာ စာသင်ကြားနေတဲ့ အကျဉ်းသားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ သီးသန့် တွေ့ဆုံကာ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ပြောပြသူ ၁၈၄ ယောက်အထိ ရှိခဲ့တယ်လို့ လည်း သိရပါတယ်။