တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာအစိုးရတို့ဟာ ပိုးခါးပတ်လမ်းမကြီး BRI ထဲမှာ အကျုံးဝင်တဲ့ မြန်မာနိုင်ငံထဲက ဘီလီယံချီတန်ကြေးရှိတဲ့ စီမံကိန်းတွေ ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MOU တွေကို လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ သိရပါတယ်။
MOU အရေအတွက်ကိုတော့ မြန်မာအစိုးရဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိပါဘူး။ တရုတ်သတင်းစာတချို့ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးခါးပတ်လမ်းမစီမံကိန်း BRI ထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းငါးခုကို လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။ အဲဒီထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ-ကူမင်းကို ဆက်သွယ်မယ့် မြန်နှုန်းမြင့် ရထားလမ်းနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတို့ ပါဝင်ကြောင်းသိရပါတယ်။
သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ နေပြည်တော်ကို Air China လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သမ္မတ ဦးဝင်းမြင့်က သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီ ခင်းပြီးတော့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကြိုဆိုတဲ့ အခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူတွေကို အသုံးပြုလို့ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတချို့က ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
ညနေပိုင်းမှာတော့ နိုင်ငံတော် သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ မိနစ်အနည်းငယ်ခန့် တွေ့ဆုံကြပါတယ်။
မနက်ဖြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အရင်က တွေ့ဆုံမှုတွေမှာဆိုရင် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နှစ်နိုင်ငံ လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးလေ့ရှိပြီး မနက်ဖြန် တွေ့ဆုံမှုမှာလည်း အလားတူအချက်တွေ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
တရုတ်သမ္မတဟာ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်တာလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကပြောဆိုလိုက်ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀-ပြည့်တဲ့နေ့မှာ လာရောက်လည်ပတ်တဲ့အတွက် ထူးခြားတဲ့ ခရီးစဉ်ဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်ကနေ အနာဂတ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေဟာ တရုတ်သမ္မတနဲ့အဖွဲ့ကို ဒီကနေ့ညပိုင်းမှာ ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ပထမ ကိုးလပတ်အတွင်း တရုတ်နဲ့ မြန်မာအကြား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ရှိခဲ့ပြီး ဒါဟာ ၂၀၁၈ ကထက် ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်လာ ရှစ်ဘီလျံနီးပါး တန်ဖိုးရှိ စီမံကိန်းအသစ်တွေကိုလည်း လက်မှတ်ရေးထိုးထားကြောင်း CCTV သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ UWSA "ဝ-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ" အဖွဲ့က ဒီခရီးစဉ်ကို ကြိုဆိုကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စဟာ မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် များစွာမူတည်နေတာမို့ သမ္မတ ရှီရဲ့ ခရီးစဉ်ကနေ မြောက်ပိုင်းငြိမ်းချမ်းရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ အလားတူ KIO နဲ့ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း မနေ့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး တရုတ်သမ္မတ ခရီးစဉ်ကို ကြိုဆိုခဲ့ကြပါတယ်။ AA ရက္ခိုင့်တပ်တော်ရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့် တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။ KIO ရဲ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် ဒီခရီးစဉ်က အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားတာပါ။
ဒါပေမဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ကတော့ တရုတ်နဲ့ပတ်သက်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပေါ်မှာ ကန့်ကွက်ခဲ့ပြီး ဒီစီမံကိန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ဒေသတွင်းပဋိပက္ခတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နဲ့ ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာမယ်လို့ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက ယူဆထားကြပါတယ်။