ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမယ်လို့ တရုတ်သမ္မတပြော

2019-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ၂၀၁၉၊ ဇူလိုင် ၅ ရက်နေ့က  ဘေကျင်းမြို့မှာ တွေ့ဆုံစဉ်
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ၂၀၁၉၊ ဇူလိုင် ၅ ရက်နေ့က ဘေကျင်းမြို့မှာ တွေ့ဆုံစဉ်
Photo: REUTERS

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ် မြန်မြန်ဆန်ဆန်ပြန်နိုင်ရေး ဖြေရှင်းဆောင်ရွက်ဖို့ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေက သဘောထားရှိကြောင်း ပြောကြားခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က ဒီနေ့ ရေးသားဖော်ပြပါတယ်။

ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမှာဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင်းပင်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ပြန်လည်ပြောပြချက်ကို bdnews24 က ကိုးကားပြီးရေးသားခဲ့တာပါ။

သူတို့နှစ်ဦးဟာ မနေ့က ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် တရုတ်က မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးကို ဖိအားပေးတာတွေ ရှိတယ်လို့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကပြောပါတယ်။

"တရုတ်က ဘင်္ဂလားဒေ့ရှ်ကို ဖိအားပေးသလို ဗမာပြည်ကိုလည်း ဖိအားပေးပါတယ်။ ထွက်သွားတဲ့ ရိုဟင်ဂျာတွေ ကို မြန်မြန်ဆန်ဆန် ပြန်ပြီးလက်ခံဖို့၊ ဗမာပြည်ကိုလည်း ဖိအားပေးပါတယ်။ သူက နှစ်ဘက်စလုံးကို မျှပြီးဖျောင်းဖျ နေတာပါ။ ကျမ ကြည့်တာတော့ သူတို့က ဗမာပြည်ဘက်က ဘယ်လိုစဉ်းစားတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဘယ်လိုစဉ်းစားတယ်။ အဲဒီဟာတွေကြားထဲက သူတို့ဆက်ဆံနိုင်တဲ့ နည်းလမ်းကြားလမ်းတစ်ခုကို ရှာပေးနိုင်ဖို့ ကြိုးစားတာနဲ့ တူပါတယ်။ ကြည့်ရတာ"

တစ်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ်နိုင်ငံတွေကို ဖြတ်မယ့် တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လက်မှတ်ရေးထိုးခဲ့တာတွေ ရှိတယ်လို့ ဒေါက်တာ လှကျော်ဇော ကပြောပါတယ်။

ayelwin-350.jpgဒေသတွင်း တည်ငြိမ်အေးချမ်းမှ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်မှာဖြစ်သလို အင်အားကြီးနိုင်ငံဖြစ်လို့ သြဇာရှိကြောင်း ပြသလို တာကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အတွက် အရင်ကထက် ပိုပါဝင်လာနိုင်ချေရှိတယ်လို့ ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးအေးလွင် က သုံးသပ်ပါတယ်။

"ကျနော်မြင်တာက ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်နေရင် စီးပွားရေး ကလည်း ဒုက္ခရောက်နိုင်တယ်လေ။ သူကလည်း ခြေလှမ်းကလည်း ခပ်ကျဲကျဲနဲ့ ဒေသဆိုင်ရာမှာက စီမံကိန်းကြီးတွေက လုပ်ထားတော့ ဒေသတွင်းမှာ မငြိမ်မသက်မှုတွေ မရှိမှသာလျှင် သူတို့ သွက်သွက် လက်လက် ဖြစ်နိုင်မှာပေါ့လေ။ အဲတော့ သူ့အကျိုးစီးပွားကိုလည်း နည်းနည်း ထည့်သွင်းစဉ်းစားပြီးမှ ဒါတွေ မြန်မြန်သွက်သွက် ပြီးသွားစေချင်တဲ့ သဘောလည်းပါမယ်။ နောက်တစ်ခုက သူအနေနဲ့ လည်း အင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ သြဇာ ရှိတယ်ပေါ့တယ်။ ဒါမျိုးကို လုပ်ပေးနိုင်တယ်။ နှစ်ဘက်နဲ့လည်း သံတမန် စွမ်းရည်ရှိတယ်။ ဒါမျိုးကို ပြချင်တဲ့သဘောလည်းရှိတယ် ပေါ့လေ"

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြတာရှိပြီး အဲဒီတွေ့ဆုံပွဲမှာ တရုတ်ဝန်ကြီးချုပ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ဖို့ တရုတ်နိုင်ငံအနေနဲ့ နည်းလမ်းရှာ တောင်းဆို သွားမယ်လို့ ပြောကြောင်း bdnews24 ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ နိုင်ငံရေးခေါင်းဆောာင်တွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စအတွက် သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆွေးနွေး သွားမယ်လို့ ကတိပေးပြောခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ပြောပါတယ်။

အဲဒီသတင်းမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား သဘောထားကွဲလွဲမှု မရှိဘူး လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်က ပြောထားပါတယ်။

မြန်မာကို ဖိအားပေးချင်တာကြောင့် ဘင်္ဂလားဒေ့ရှ်က တရုတ်ကို ချဉ်းကပ်နေတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်က ကျနော်တို့ကို ဖိအားပေးချင်တဲ့အတွက် တရုတ်ကို ချဉ်းကပ်နေတာပဲ

"တရုတ်ကတော့ နှစ်နိုင်ငံကြားထဲမှာဝင်ပြီး စေ့စပ် ဆွေးနွေးတာ မရှိဘူး။ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့အတွက် နှစ်နိုင်ငံလုံးကို သူကအကြံပေးတယ်။ သူဖြစ်ချင်တာ ပြောထား ပြီးသားလေ။ မြန်မာက ထွက်သွားတဲ့သူတွေကို ပြန်လက်ခံဖို့ မြန်မာက ဆောင်ရွက်ပေးဖို့ အဲဒီဆောင်ရွက်တဲ့ ကိစ္စကိုလည်း နှစ်နိုင်ငံကြားထဲမှာပဲ ဆောင်ရွက်ပေးဖို့ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေတွေပုံစံမျိုးနဲ့ ဖြေရှင်းဖို့ တရုတ်ကပြောတယ်။ မြန်မာကို ဖိအားပေးပြီး အကျပ်ကိုင်ပြီး အနိုင်ကျင့်တဲ့ ပုံစံမျိုးမလုပ်ဖို့လည်း တရုတ်က ပြောထားပြီးသား သူတို့ရဲ့ လုပ်ရပ်တွေကလည်း ပြထားပြီးသား။ ဒါကြောင့်မို့ ဘင်္ဂလားဒေ့ရှ်က ကျနော်တို့ကို ဖိအားပေးချင်တဲ့အတွက် တရုတ်ကို ချဉ်းကပ်နေတာပဲ"

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးစလုံးက မဟာမိတ်နိုင်ငံတွေဖြစ်လို့ မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို တရုတ်နိုင်ငံအနေနဲ့ သာတူညီမျှ ကြည့်သွားမယ်လို့ တရုတ်သမ္မတက ပြောခဲ့ကြောင်းလည်း bdnews24 သတင်းဌာနက ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်တာကြောင့် အဆက်အသွယ် မရခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရဆိုရင် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ဒုက္ခသည်တွေကို ပထမအသုတ်အနေနဲ့ ပြန်လည်ပို့ဆောင်မယ်၊ လက်ခံမယ်လို့ သဘောတူထားခဲ့ကြပေမယ့် တစ်နှစ်ခွဲနီးပါး ကြာလာတဲ့အထိ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လာသူ မရှိသေးပါဘူး။

မြန်မာဘက်က ပြန်လာသူတွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ်ထုတ်ပေးမှာဖြစ်ပြီး၊ မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမှာဖြစ်ကြောင်းနဲ့ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ဒုက္ခသည်တွေဟာ သူတို့နေရပ်ပြန်မလာခင် နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ နိုင်ငံတကာက အကာအကွယ်ပေးတဲ့ safe zone သတ်မှတ်ပေးဖို့ကို တောင်းဆိုနေကြတယ်လို့ ပြောထားပြီး ဒါတွေကို မြန်မာနိုင်ငံဘက်က လက်မခံနိုင်ကြောင်း တုံ့ပြန်ထားပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

ဆိုက်တခုလုံးသို့