ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 ရဲ့ အစိတ်အပိုင်းတွေကို ဒီကနေ့ ညနေပိုင်းမှာ စတင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ပါတယ်။
ထားဝယ်မြင်းခွာအော် အနီးမှာ ပျက်ကျလေယာဉ်ရဲ့ အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပျက်ကျလေယာဉ်မှာ လိုက်ပါသွားသူ တွေထဲက ရုပ်အလောင်း ၉ဝ ကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မနေ့ကအထိ ရုပ်အလောင်း ၈၇ လောင်းကို ရှာဖွေတေ့ွရှိထားတာဖြစ်ပြီး မောင်းမကန်- မရင်းကြီး ကမ်းခြေ တစ်လျှောက်မှာ ရှာဖွေရေးလုပ်နေတဲ့အဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ နောက်ထပ် ရုပ်အလောင်း ၃လောင်းကို ထပ်မံတေ့ွရှိခဲ့တာဖြစ်ပါတယ်။
ရှာဖွေရေးလုပ်ဆောင်နေတဲ့ ဒေသခံငါးဖမ်းစက်လှေ ၃ စီးက လောင်းလုံဘုတ်ကျွန်းရဲ့တောင်ဘက် ရေမိုင် ၁ဝ မိုင်ခန့်အကွာမှာ ခရီးဆောင်အိတ် ၁ လုံး၊ အရာရှိစိစစ်ရေးကဒ် ၁ ကဒ်၊ မှတ်ပုံတင် ၂ ကဒ် အပါအဝင် အဝတ် အထည် အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ ငွေစက္ကူတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
Y-8 တပ်မတော်ပို့ဆောင်ရေးလေယာဉ်မှာ လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားခဲ့တာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာစဉ် ထားဝယ် မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက်ပိုင်း ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြန်လည်တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲက ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့တဲ့ ရုပ်အလောင်း ၈၉ လောင်းကို သဂြိၤုဟ်ပးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
