ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ကုလအထူးကိုယ်စားလှယ် ကြည့်ရှုမည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတခုမှာ ထားရှိတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

ကောက်စ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ သွားရောက် ကြည့်ရှုမှာဖြစ်ပါတယ်။

သုံးရက်ကြာခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး၊ တွေ့ရှိခဲ့တဲ့ အခြေအနေတွေ အကြောင်း ကုလသမဂ္ဂကို အစီရင်ခံစာတင်ပြခဲ့ပါတယ်။

အခု သွားရောက်ကြည့်ရှုမယ့် ကောက်စ်ဘဇား ဒုက္ခသည်စခန်းရဲ့ အခြေအနေကိုလည်း ကုလသမဂ္ဂထံ တင်ပြမှာဖြစ်ပါတယ်။