ရခိုင်ပြည်နယ်အတွင်းမှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူတွေကို အစိုးရအနေနဲ့ သေချာစိစစ်ပြီး လုပ်ပေးစေချင်တယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စား လှယ် မစ္စယန်ဟီးလီနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက်ပါတယ်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မစ္စယန်ဟီးလီနဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ကြတာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဦးကျော်သိန်းက ပြောပါတယ်။
"၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အမှန်တကယ်ဖြစ်သင့်တဲ့သူကိုဖြစ်ပေးဖို့၊ မဖြစ်သင့်တဲ့သူတွေကို မပေးဖို့ အဲဒါလေးဆွေးနွေးကြပါတယ်၊ ဘင်္ဂါလီတွေကလေ ဗမာဆိုပြီးတော့ လုပ်စားတာတွေရှိတယ် နိုင်ငံသားကဒ်ပြား ရအောင်ယူတယ်၊ အစိုးရနဲ့လုပ်စားတယ်၊ မြို့မိမြို့ဖထည့်ပေးဖို့ အဲဒါလေးတွေလည်း ပြောခဲ့ကြပါတယ်"
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ မတူညီတဲ့လူမျိုးနှစ်ခု အတူပေါင်းစည်းနေထိုင်နိုင်ဖို့အတွက် ဘယ်လိုဖြစ်သင့်သလဲ ဆိုတာကို မစ္စယန်ဟီးလီဘက်က အကြံတောင်းရာမှာ အချိန်အတိုင်းအတာတစ်ခုတော့ ယူရလိမ့်မယ်လို့ တင်ပြ ခဲ့ကြောင်း ပြောပါတယ်။
လူမျိုးနှစ်ခုစလုံးမှာ အစွန်းရောက်သူတွေ အနည်းငယ်ရှိနေကြသေးသလို လက်ရှိမှာ ဘူးသီးတောင်နဲ့ မောင်တောဒေ သတွေဘက်မှာ အကြမ်းဖက်လုပ်ရပ်တွေ ရှိနေသေးတာကြောင့် ရခိုင်တိုင်းရင်းသားတွေက မနေရဲကြတဲ့အကြောင်း တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖို့ အရင်ဆုံးလုပ်ဆောင်ဖို့လိုသလို တည်ငြိမ်အေးချမ်းလာမှသာ တရားဥပဒေ စိုးမိုးရေးကို ကိုင်တွယ်နိုင်မှာဖြစ်တဲ့အကြောင်း တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ မစ္စယန်ဟီးလီဟာ ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကို မြန်မာ့လေကြောင်းနဲ့ ရောက်ရှိလာရာမှာ ဒေသခံ ၁၀၀ ကျော်လောက်က စစ်တွေလေဆိပ်အနီးမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးအခြေအနေကို မစ္စယန်ဟီးလီက အစီရင်ခံစာတင်သွင်းရာမှာ မွတ်ဆလင်တွေရဲ့ အခွင့်အရေးကိုသာ အဓိကပြောဆို တင်ပြလေ့ရှိပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုထား တာကြောင့် ကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။
မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့ကို ရေယာဉ်နဲ့ထွက်ခွာသွားပြီး ဒီနေ့ မောင်တောမြို့မှာ ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။
