မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာအပေါ် သုံးသပ်ချက်

2019-03-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်
Photo: RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာတစ်စောင်ကို မတ်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အကြောင်းစုံကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

မစ္စယန်ဟီးလီရဲ့အစီရင်ခံစာထဲမှာ ဘာသာရေး အစွန်းရောက်တွေအပြင် အစိုးရပိုင်းကပုဂ္ဂိုလ်တွေဖြစ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက ဘာသာရေးနဲ့ပတ်သက်လို့ အမုန်းစကားတွေ ပြောဆိုနေတာတွေကို Facebook ကနေ ဖြန့်နေတာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မြိုင်ကြီးငူဆရာတော် ဈာပနအခမ်းအနားမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးတစ်ခုက ဇနီး ၃၊ ၄ ယောက်ယူပြီး သားသမီး ၂၀ လောက်မွေးနေ တာကြောင့် လာမယ့် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ ကြာမြင့်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဟာ လူနည်းစုဖြစ်သွားနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာခြား၊ လူမျိုးခြားတွေကို နေရာမရအောင် တားမြစ်တာမျိုးတွေကိုဖြစ်စေတဲ့ ဝံသာနုစိတ်ဓာတ်အဖြစ် အခြေခံပညာမူလတန်းအဆင့် စတုတ္တတန်း သင်ရိုးညွှန်းတန်းမှာ ထည့်သွင်းသင်ကြားတာမျိုးတွေဟာ ခုချိန်ထိရှိနေခြင်းဟာ အမုန်းတရားကို စနစ်တကျ သင်ကြားနေတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလိုရှိနေတာတွေကို RFA က လူ့အခွင့်အရေးလှုပ်ရှားသူ မိတ္ထီလာမြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကို မေးကြည့်ရာမှာ အခုလိုပြောပါတယ်။

‘’အစိုးရဝန်ကြီးတစ်ပါးအနေနဲ့ လူတွေက မြင်တဲ့အခါကျတော့ အစိုးရကို ကိုယ်စားပြုတယ်လို့ ယူဆပြီး ထင်မြင်ချက်တွေ သုံးသပ်ချက်တွေနဲ့ ပွက်လောညံသွားတယ်၊ သူရဦးအောင်ကိုရဲ့ သုံးနှုန်းတဲ့စကားလုံးတွေက တောက်လျှောက်ပြဿနာဖြစ်လာခဲ့တာပဲလေ၊ နှစ်ဖက်အသိုင်းအဝိုင်းမှာ သံသယတွေ စိတ်အားငယ်တာ ဒေါသဖြစ်စေတာတို့ လက်တွေ့မှာဖြစ်သွားတာပဲလေ၊ စတုတ္တတန်းမှာ ကဗျာတို့ဘာတို့ဆိုတာ တော်တော်ကို ဒီ န ဝ တ လက်ထက်မှာတောင် မပြဌာန်းခဲ့တာကို ဦးသိန်းစိန်လက်ထက်မှာ ပြဌာန်းတယ် NLD အစိုးရလက်ထက်မှာ ပြဌာန်းတယ်ဆိုတာ တော်တော်ရုပ်ဆိုးတဲ့အဆင့်ဖြစ်သွားတယ်’’

Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးသက်ဆွေဝင်းကလည်း မစ္စ ယန်ဟီးလီရဲ့ အစီရင်ခံစာအေပါ် အခုလိုပြောပါတယ်။

‘’သာသနာရေးဝန်ကြီးဌာနက သာသနာအားလုံးကို လုပ်တဲ့ဝန်ကြီးဌာနလား ဗုဒ္ဓဘာသာတစ်ခုတည်းကို လုပ်တဲ့ ဝန်ကြီးဌာနလားဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပြီ၊ အစိုးရအနေနဲ့ ဘာမှခြေခြေမြစ်မြစ် မကိုင်တွယ်ခဲ့ဘူး၊ နိုင်ငံတကာကနေ ဒါမျိုးပြစ်တင်ဝေဖန် ရှုတ်ချတာမျိုးတွေဖြစ်လာတာ၊ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခုကြားထဲမှာ ညှိနှိုင်းဆောင်ရွက်မှုအပိုင်းတွေ လိုတယ်လို့ ယူဆတယ်၊ ပညာရေးဝန်ကြီးဌာနရှိမယ် သာသနာရေးဝန်ကြီး ဌာနရှိမယ် ယဉ်ကျေးမှုလည်း ကိုင်ထားတဲ့အခါကျတော့ ဒီအပိုင်းတွေမှာ လူမှုရေးဘာသာရပ်တွေမှာ ဘယ်လိုမျိုးတွေလုပ်ကြမှာလဲလို့ ဒါကိုလည်းသေချာပြန်ပြီး review လုပ်ရမယ့်အပိုင်းတွေ အားနည်းတယ် အစိုးရရဲ့မူဝါဒတွေ မပြတ်သားတာပဲ၊ နိုင်ငံတကာကနေ ဒါကို ဝေဖန်စရာ ပြစ်တင်စရာတွေဖြစ်လာပြန်တော့ ရှက်ဖို့ကောင်းတယ်၊ ဒါအပြောခံရတဲ့ကိစ္စပဲ ကိုယ်ညံ့လို့အပြောခံရတာပဲ ကိုယ်ညံ့လို့အပြောခံရတာပဲ ကိုယ်လုပ်တာအသုံးမကျလို့ အပြောခံရတာလို့ပဲ အစိုးရကို ပြောချင်ပါတယ်’’

အဲဒီအစီရင်ခံစာကို လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းမယ်လို့လည်းသိရပါတယ်။

ယန်ဟီးလီရဲ့အစီရင်ခံစာပေါ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင် ဆန်းဝင်းကတော့ အခုလို တုံ့ပြန်ထားပါတယ်။

‘’ကျွန်တော်တို့ အမုန်းစကားကာကွယ်ရေးဥပဒေကို ရေးဆွဲနေတာလည်း ပြည်ထဲရေးကို လွှဲထားပြီး လည်းဖြစ်ပါတယ်ခင်ဗျ’’

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ NLD ပါတီပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တင်ပြထားတာဖြစ်ပါတယ်။
ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Thanks a lot for your report to UN, Ms Yanghee Lee ! Yes, it is necessary to eliminate those " discrimination at all unstable countries". Otherwise, those countries surely will be "battlefields".

Mar 08, 2019 03:21 AM

ဆိုက်တခုလုံးသို့