ICJ ဆုံးဖြတ်ချက်ကို မြန်မာလိုက်နာဖို့ ယန်ဟီးလီ ပြောကြား

မိုးမြင့်၊ ဝေမာထွန်း
2020.01.23
yanghee-lee-622.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာအပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်းဖြစ်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုလို့ တ်မှတ်နိုင်တဲ့ကိစ္စတွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မှတ်တမ်းတင်ထားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၊ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကို ကျမအနေနဲ့ တိုက်တွန်းလိုတာက မြန်မာနိုင်ငံမှာ ဆက်ပြီးတော့ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ဂျီနိုဆိုက်လို့ သတ်မှတ်နိုင်တဲ့ကိစ္စတွေကို သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မှတ်တမ်းတင်ထားကြဖို့ပါ။ မြန်မာနဲ့ပတ်သက်ပြီးတော့ နားလည်သင့်တာက ဘာမှမဖြစ်ခဲ့ဘူးလို့ မသိကျိုးကျွန်ပြုလိုက်တာက ဆက်တိုက်ဖြစ်ပွားဖို့ ခွင့်ပြုသလိုဖြစ်နေတယ်ဆိုတဲ့ကိစ္စပါ။”


၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ ဒီနေ့ ညနေ ၃ နာရီခွဲမှာပဲ ICJ က မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သတ်ပြီးတော့ ကြားဖြတ်စီရင်ချက် provisional measure ချမှတ်လိုက်ပါတယ်။

ICJ တရားခွင်ဆုံးဖြတ်ချက်ချတဲ့နေ့ကို မစ္စ ယန်ဟီးလီက သမိုင်းတွင်တဲ့နေ့လို့ ပြောဆိုလိုက်ပါတယ်။ ICJ က ကြားဖြတ်အရေးယူမှု ချမှတ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေလို နောက်ထပ်မဖြစ်ပွားဖို့ အရေးကြီးတဲ့အစီအမံတွေ မဖြစ်မနေချမှတ်ဖို့ လိုအပ်လာမှာဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မလွတ်တမ်းစောင့်ကြည့်ဖို့ လိုအပ်လာမှာပါ။ ဒါမှလည်း မြန်မာနိုင်ငံဟာ တာဝန်ယူမှု ကနေ ရှောင်လွှဲလို့ရမှာ မဟုတ်တော့မှာလို့ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကျင်းပခွင့်ပေးတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်း၊ ပြည်ဝင်ခွင့်ပိတ်ထားတဲ့ မြန်မာအစိုးရကို စိတ်ပျက်မိကြောင်းနဲ့ သူမကိုပြည်ဝင်ခွင့် ငြင်းပယ်တာဟာ တကယ်တော့ မြန်မာပဲနစ်နာတာလို့ မစ္စယန်ဟီးလီ က ပြောပါတယ်။

ဒီလိုပြောဆိုချက်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း က

“မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးပြဿနာတွေအကုန်လုံးကို လေ့လာပြီးတော့ ဒီအစိုးရတွေကို တင်ပြ တယ်။ တင်ပြတဲ့ဟာကို နားမထောင်တာက မြန်မာအစိုးရရဲ့ အမှားပဲလို့ ကျနော်က မြင်တယ်။ အကုန်လုံးကို လက်ခံရမယ်လို့ ကျနော်မဆိုလိုဘူး။ ဒေါ်စုကို ICJ မှာသွားပြီးတော့ ပြောတဲ့အချိန်မှာ သူရဲ့ မျက်နှာပုံရိပ်ကို ကြည့်လိုက်တဲ့အခါ တချို့ဟာတွေက သူသိတော့သိနေပြီ။ အရမ်းကြီးအံ့သြတဲ့ပုံမတွေ့ရဘူး။ အဲတော့ လူ့အခွင့် အရေးချိုးဖောက်မှု ရှိနေတယ်ဆိုတာတော့သိနေတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ပုလဲနံသင့်ချင်တယ်။ ရင်ကြားစေ့ရေး ဖြစ်ချင်တဲ့အခါကျတော့ ဒါတွေကို ဖုံးဖိပြီး လုပ်တဲ့အတွက်ကြောင့်မို့ ပိုဆိုးတယ်လို့ ကျနော်ကမြင်တယ်။”

မြန်မာအစိုးရဟာ၂၀၁၈ ခုနှစ်က ရခိုင်ကိုသွားရောက်ဖို့ မစ္စယန်ဟီးလီရဲ့ လျှောက်ထားခဲ့မှုကို ပယ်ချခဲ့ပြီး တခြားသောကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်တစ်ယောက်ကို အစားထိုးနိုင်ဖို့ ကြိုးပမ်းခဲ့တာတွေရှိခဲ့တယ်လို့ သူက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကိုသာ သွားဖို့ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းနိုင်ရေးအတွက် ဆက်လက်ပြီး ဖိအားပေးရမှာဖြစ်တယ်လို့လည်း ယန်ဟီးလီ က ဆိုပါတယ်။

“ကံမကောင်းတဲ့အချက်တစ်ခုက ကုလလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံကို အရေးယူဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုလွှဲပြောင်းပေးဖို့ ဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မြန်မာနိုင်ငံကို  ICC သို့ လွှဲမပြောင်းနိုင်တာက တနည်းအားဖြင့် ကုလပဠိညာဉ်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာလို့ ဆိုနိုင်ပါ တယ်။ ကုလလုံခြုံရေးကောင်စီကနေ လွှဲပြောင်းပေးနိုင်ရေးအတွက် ကျမတို့ဆက်ပြီးတော့ ဖိအားပေးရမယ်လို့ ထင်ပါတယ်။ နောက်တစ်ချက် ကျမ အကြီးအကျယ် စိတ်ပျက်မိတာက မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး International Ad-hoc Tribunal မပေါ်ပေါက်သေးတဲ့ကိစ္စပါ။”

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာအပြင်၊ ရိုဟင်ဂျာ တွေ လွတ်လွတ်လပ်လပ် သွားခွင့်မရတဲ့အခြေအနေတွေ၊ NVC ကတ်ထုတ်ပေးနေတဲ့ အခြေအနေတွေကြောင့် နေရပ်ပြန်ရေးက အဆင့်သင့်မဖြစ်သေးဘူးလို့လည်း ပြောပါတယ်။

ကော့ဇ်ဘဇားခရိုင်၊ ဘာလူဟာလီဒုက္ခသည်စခန်းက မိုဟာမက်ဂျူဟက်က မစ္စယန်ဟီးလီအနေနဲ့ အမှန်တရားကို ရပ်တည်ပေးခဲ့တာကို ကျေးဇူးတင်တယ်လို့ပြောပါတယ်။

“မစ္စယန်ဟီးလီကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာရှိတဲ့ အများကြီးကျေးဇူးတင်တာက အမှန်တရားကိုလိုက်ပြီးတော့ နိုင်ငံတကာတွေ၊ အပြည်ပြည်ဆိုင်ရာတွေ သိအောင်လို့ လုပ်ပေးလိုက်တယ်။ နောက်အသစ်လာမယ့်လူတွေလည်း အမှန်တရားကို ကူညီပါလို့ ကျနော်တို့ အကူညီတောင်းပါတယ်။”

မိုဟာမက်ဂျူဟက်ရဲ့ ပြောပြချက်အရတော့ လက်ရှိမှာ ကောဇ်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အင်တာနက်ဖြတ်တောက်ခံထားရပြီး၊ ဖုန်းလိုင်းဆက်သွယ်မှုတွေလည်း ခက်ခဲကြောင်း၊ ဒါ့အပြင်စခန်းတစ်ခု ကနေတစ်ခု သွားလာခွင့်တွေကို ကန့်သတ်တာတွေရှိနေကြောင်း ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းကလို မဟုတ် တော့ဘဲ လွတ်လွတ်လပ်လပ်သွားလာခွင့် မရှိတော့ဘူးလို့ဆိုပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သက်တမ်း ကုန်ဆုံး တော့မှာဖြစ်ပြီး သူမရဲ့နောက်ဆုံးအစီရင်ခံစာကို လာမယ့်မတ်လအတွင်းမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမှာဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။