ရန်ကုန်မြို့သစ် စီမံကိန်း တိုင်းလွှတ်တော်ကို တင်ပြ

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်ထည်ဖော်ဖို့ သင့်၊ မသင့်နဲ့ အဲ့ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ထပ်မံရွေးချယ်သင့် မသင့်ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက်တောင်းခံခဲ့ပါတယ်။

အဲ့ဒီတင်ပြချက်ကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြ မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ဒီစီမံကိန်းကို ကုမ္ပဏီတစ်ခုထဲကို မပေးဖို့ပြောမယ်၊ ဒီမြို့သစ်စီမံကိန်းကြီးဟာ နိုင်ငံတော်အတွက် ဘယ်လိုအန္တရယ်မျိုးတွေ ကျရောက်နိုင်သလဲဆိုတာကို ဆွေးနွေးမယ်၊ ဒီမြို့သစ် စီမံကိန်းကြီးအတွက်ကို တာဝန်ခံမယ့်အဖွဲ့ ရှိလာမှာလား မရှိဘူးလားဆိုတာကို ဆွေးနွေးမယ်၊ လေ့လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ဆွေးနွေးသွားမှာပါ"

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မြို့သစ်စီမံကိန်းဆောင်ရွက်ဖို့ အစီအစဉ်ရှိကြောင်းနဲ့ အကောင်ထည်ဖော်ဆောင်ရွက်မယ့်ကုမ္ပဏီ ကို ရွေးချယ်ပြီးပြီလို့ တင်ပြခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းကျော် မှာ အကောင်ထည်ဖော်မှာဖြစ်ပြီး မြို့သစ်စေတနာအများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မူလက သဘောတူခဲ့တာဖြစ်ပါတယ်။