အထပ်လျှော့ချခိုင်းတဲ့ ကွန်ဒိုအများစု စည်းကမ်းနဲ့ ကိုက်ညီကြောင်း တွေ့ရှိ


2016.07.27
ygn-condo-620.JPG ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတချို့ကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ရန်ကုန်တိုင်းအစိုးရက မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက်ထက် လျှော့ချဆောက်လုပ်ဖို့ ညွှန်ကြားထားတဲ့ အထပ်မြင့်ကွန်ဒို ၁၂ လုံးထဲမှာ ၈လုံးဟာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောက်လုပ်ထားတာဖြစ်တဲ့ အတွက် တိုင်းအစိုးရအနေနဲ့ ပြန်လည်စဉ်းစားသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ရဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ က တိုင်းအစိုးရထံ တင်ပြထားပါတယ်။

ကွန်ဒို ၈ လုံးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကွန်ဒိုအခန်း ကြိုတင်ဝယ်ယူထားသူတွေက သူတို့ရဲ့ နစ်နာမှုတွေကို တင်ပြလာတာကြောင့် စစ်ဆေးတဲ့အခါမှာ စည်းကမ်းမဲ့ ဆောက်လုပ်ထားခြင်း မဟုတ်တာ ကို တွေ့ရှိခဲ့တာကြောင့် တိုင်းအစိုးရထံ သုံးသပ်ချက်ပြန်တင်ပြပေးတာဖြစ်တယ်လို့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။

"လုပ်ငန်းရှင်တွေဘက်ကနဲ့ ကန်ထရိုက်လုပ်တဲ့အဖွဲ့တွေက နောက်အခန်းအတွက် ကြိုပွိုင့်ဝယ်ထားတဲ့သူတွေ ကရော စုပြီးတော့ လွှတ်တော်ကို တိုင်စာပို့တယ်ဗျာ၊ အဲ့ဒါကို အန်ကယ်တို့ ပြန်စစ်တယ်၊ အစိုးရအဖွဲ့က ပြော တာတွေ လွဲနေတဲ့အတွက်ကြောင့် သူတို့က ကားပါကင်လိုတယ်ပေါ့၊ လမ်းရဲ့အချိုးအစားအရ အထပ်မြင့်ကို ခွင့်ပြုတာဘာညာဆိုတော့ အဲ့ဒါတွေက အရင်အစိုးရထွက်ထားတဲ့ အမိန့်တွေနဲ့က အကုန်ကိုက်ညီတယ်ပေါ့နော်၊ အန်ကယ်တို့ စစ်ကြည့်တယ် ဟုတ်တယ်၊ မှန်တယ်ပေါ့နော်၊ အစိုးရအဖွဲ့က ဒီလိုအထပ်တွေလျှော့တာ လွှတ်တော်ကနေ သဘောမတူပါဘူးဆိုပြီး တင်လိုက်တာပေါ့၊ ၁၂ လုံးကို ၈ လုံးသမားတွေက သဘောမတူဘူး၊ ကျန်တဲ့အလုံးကတော့ အစိုးရအဖွဲ့ရဲ့ဟာကို သဘောတူတယ်"

အဲဒီအထပ်မြင့်ကွန်ဒို ၈လုံးဟာ မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် ပြည်လမ်းမ၊ အလုံမြို့နယ် သစ်တောရပ်ကွက်၊ တာမွေမြို့နယ် နတ်မောက် ရိပ်သာလမ်း၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရန်ကင်း မြို့နယ် စိမ်းလဲ့အောင် ကွန်ဒို၊ ကမာရွတ်မြို့နယ် ဂိုးဒင်းဒဂုံ ကွန်ဒိုနဲ့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်း မှာ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။

အထပ်လျှော့ဖို့ ညွှန်ကြားခံရတဲ့ ကွန်ဒိုအများစုဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ကွန်ဒိုတွေဖြစ်ပြီး အိုးအိမ်နဲ့ စည်ပင် ဌာနတို့က ကန်ထရိုက် ယူဆောက်လုပ်နေတာတွေကိုလည်း စိစစ်ပေးဖို့ တင်ပြထားတယ်လို့ ဦးကျော်ဇေယျ က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ညွှန်ကြားချက်အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အထပ်မြင့်အဆောက်အဦ ၁၈၅ လုံးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့အင်္ဂါရပ်နဲ့ ညီ မညီ ပြန်စီစစ်ဖို့ ဆိုပြီး ပြီးခဲ့တဲ့မေလထဲက လုပ်ငန်း ရပ်နားခိုင်းထားတဲ့အတွက် ဆောက်လုပ်ရေး လုပ်သား သောင်းနဲ့ချီ အလုပ်လက် မဲ့ဖြစ်နေတယ်လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီရဲ့ စိစစ်တေ့ွရှိချက်တွေနဲ့ တိုင်းအစိုးရထံ တင်ပြထားတဲ့ အခြေအနေကို RFA သတင်းထောက် မသီရိမင်းဇင် က ကော်မတီ အတွင်းရေးမှူး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။