ရန်ကုန်ကနေ ကော့သောင်းကိုအသွား လမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ စုစုပေါင်း တစ်ဦးကို တစ်သိန်းခွဲခန့်အထိ ငွေတောင်းနေပြီး စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှတ်ပုံတင် ကိုင်ဆောင်သူဆိုရင် ပိုပြီးတင်းကျပ်စွာ စစ်ဆေးသလို ငွေပိုတောင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရန်ကုန်-ကော့သောင်း လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ဂိတ် အနည်းဆုံး သုံးဆယ်ခန့်ရှိတယ်လို့ ဆိုပါတယ်။
ခရီးသည်တင်ကားနဲ့သွားတဲ့ ပြည်သူတွေအနေနဲ့ လမ်းမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို အသွားအပြန်ဆိုရင် တစ်သိန်းခွဲဝန်းကျင်လောက်အထိ ပေးနေရတယ်လို့ အမည်မဖော်လိုတဲ့ ခရီးသွားပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တနင်္သာရီတိုင်းမှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်မြင်တာနဲ့ ခြောက်မျဉ်းစောင်းမဟုတ်လို့ကတော့ ကိုယ့်ဘဝကိုယ် တွေးထားလိုက်တော့ပဲ။ ပိုက်ဆံထောင်တန် တစ်သိန်းအုပ်သာ လဲသွားတော့။ ခရီးသည်တွေက တစ်ယောက်ကို နှစ်ထောင်၊ သုံးထောင်နဲ့ တစ်လမ်းလုံး ပေးရတာ။ အသွားအပြန် တစ်သိန်းခွဲလောက်ကုန်တယ်။ အဲဒါတောင် အမေးအမြန်းတွေ ခံရသေးတယ်”
ခရီးသည်တစ်ဦးကို တစ်ဂိတ်မှာ နှစ်ထောင်နဲ့ ငါးထောင်ကြား ပေးနေရပြီး တနင်္သာရီတိုင်း မှတ်ပုံတင်ဖြစ်တဲ့ ခြောက်မျဉ်းစောင်းကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်က မှတ်ပုံတင်တွေကို ပိုစစ်ဆေးတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှတ်ပုံတင် ကိုင်ထားသူတွေကို ပိုတင်းကျပ်စွာစစ်ဆေးပြီး ငွေပိုတောင်းတယ်လို့ ခရီးသွားဒေသခံတွေက ပြောပါတယ်။
မြိတ်၊ ကျွဲကူး တံတားဂိတ်မှာ ငွေကျပ် သုံးသောင်း အတောင်းခံရဖူးတဲ့ ဧရာဝတီတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူ ခရီးသည်တစ်ဦးက နယ်စပ်ကနေ မှောင်ခိုထွက်မယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တောင်းလို့ ပေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကားက နည်းနည်းလေး ဘီးလှိမ့်တာနဲ့ နောက်တစ်ဂိတ် ရောက်တာပဲ။ ကျွန်တော်က ၁၄ မျဉ်းစောင်းကိုင်ထားတာ တွေ့တော့ ပိုက်ဆံတောင်းတာ။ နယ်စပ်ကိုသွားပြီး ထိုင်းကနေ မှောင်ခိုထွက်ဖို့ လာတယ်ဆိုတဲ့အမြင်နဲ့ တောင်းတာပေါ့”
ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီးစစ်တဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ဖုန်းတွေကအစ စစ်သလို မသင်္ကာဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖမ်းလိုက်တဲ့လူတွေကိုတော့ သိန်းဆယ်နဲ့ချီပြီး ရွေးရတာမျိုးရှိတယ်လို့ အောက်ကင်းရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရဖူးတဲ့ တနင်္သာရီမြို့နယ်ခံတစ်ဦးက RFA ကိုပြောပါတယ်။
နယ်ကျော်ခရီးသွားမယ်ဆိုရင် သွားမယ့်နေရာနဲ့ သွားမယ့်အကြောင်းအရာတွေပါတဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာ ယူဆောင်သွားရမှာဖြစ်ပြီး အဲဒီထောက်ခံစာမပြနိုင်ရင် တခြားခရီးသည်တွေထက် ငွေကြေးပိုပေးရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အာဏာ မသိမ်းခင်ကာလက တစ်ညအိပ်နှစ်ရက် သွားရတဲ့ခရီးကို အခု ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် သုံးညအိပ် လေးရက် သွားနေရတာကြောင့် စားသောက်စရိတ်နဲ့ တည်းခိုစရိတ် ပိုကုန်ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရီးသွားပြည်သူတွေကို ငွေကြေး တောင်းခံနေတဲ့အအပြင် တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နဲ့ ထားဝယ်မြို့နယ် ထဲကရွာတွေကိုလည်း ဆန် အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA က ဒီကနေ့ နေ့လယ်တစ်နာရီခန့်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိတာကြောင့် ပြန်လည် မဖြေဆိုနိုင်သေးကြောင်းသာ ဖြေဆိုပါတယ်။