ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင်တွေ့ဆုံရေး အစား ၁၂ ပွင့်ဆိုင်ဆွေးနွေးပွဲ ဆိုပြီး တိုးချဲ့စီစဉ်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
အဲဒီ့အဆိုကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က မနေ့က တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ ကိုယ်စားလှယ် ၁၄ ဦး က ဆွေးနွေးခဲ့ကြပါတယ်။
ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ၆ ပွင့်ဆိုင်တွေ့ဆုံရေးမှာ တိုင်းရင်းသားကိုယ်စားလှယ် ၁ ဦးတည်းကို ထည့်သွင်းထားတာဟာ လုံလောက်မှုမရှိတဲ့ အတွက် တိုင်းရင်းသားလူမျိုးအားလုံးက ကိုယ်စားလှယ် တစ်ဦးစီကို ပါဝင်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်ကြောင်းအဆိုကို ထောက်ခံခဲ့ပါတယ်။
"နိုင်ငံတော်ရဲ့အသက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးတဲ့အခါမှာ ၆ ပွင့် ဆိုင် ဆွေးနွေးရုံ၊ တိုင်းရင်းသား ကိုယ်စားလှယ် ၁ ဦးတည်းဖြင့် ဆွေးနွေးရုံနဲ့ မလုံလောက်ပဲ၊ ကျန်တိုင်းရင်းသား များဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းနဲ့ မွန် တိုင်းရင်းသားများပါ ထည့်သွင်းဆွေးနွေးမှသာလျှင် ပိုမိုပြည့် စုံတဲ့ ဆွေးနွေးချက်ဖြစ်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်၊ ဒါကြောင့် ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်ရဲ့ အဆိုအား လွှတ်တော်မှ အတည်ပြုပေးသင့်ပါကြောင်း ဆွေးနွေး တင်ပြအပ်ပါတယ်"
တချို့ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လုံလောက်ကြောင်း ၊ ၁၂ ပွင့်ဆိုင် မဖြစ်သင့်ကြောင်း ကန့်ကွက်ခဲ့ပါတယ်။ လျို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာ မှာတော့ အစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ် ၁၀၈ ဦးအထဲက ၉၉ ဦးက ထောက်ခံခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဖြစ် ပြောင်းလဲပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြည်ထောင်စုအစိုးရထံ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထား ပါတယ်။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။