မူးယစ်ပပျောက်ရေး လွှတ်တော်မှာ ဆွေးနွေး


2016.06.14
tinaungtun-620.jpg ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် မှာ ဆွေးနွေးနေစဉ်
Photo: Aung Thain Kha/ RFA

မူးယစ်ဆေးဝါးနဲ့ တရားမဝင်ရောင်းချနေတဲ့ အရက်ဆိုင်တွေ၊ အနှိပ်ခန်းတွေကို စိစစ်အရေးယူ တဲ့နေရာမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်ဖို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၃ ယောက်က ဆွေးနွေးအပြီးမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြောခဲ့တာပါ။

"အားလုံးပေါင်းလူ ၉၀ ရှိပါတယ်၊ လူ ၉ဝ မှာ မြို့နယ်မှူးနှစ်ယာက်သည် ရပ်ကွက်ထဲမှာနေတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်နေတဲ့ရပ်ကွက်တစ်ခုကို ကင်းစင်မှုရှိအောင် ဝိုင်းပြီး လုပ်ပေးမယ် ဆိုရင် ရပ်ကွက် ၉၀ ကင်းစင်မှာဖြစ်ပါတယ်၊ ဒါလေးကို ကျနော်အနေနဲ့ ဝိုင်းပြီးဆောင် ရွက်ပေးစေလိုပါတယ်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ပါဝင်ပြီးတော့မှ ကိုယ့်ရပ် ကွက်လုံခြုံရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့မှ လုံခြုံရေးရော၊ မူးယစ်ဆေးဝါးကိစ္စတွေရော အကုန်ပါသွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က ရန်ကုန်တိုင်းဒေသကြီး အတွင်း ဥပဒေမဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်း ချတာတွေကို အမြန်ဆုံးထိထိ ရောက်ရောက် အရေးယူပေးဖို့ အဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။

ရပ်ကွက်အတွင်း တရားမဝင်ရောင်းချနေတဲ့ အရက်၊ ဘီယာဆိုင်တွေကို စိစစ်ပေးဖို့နဲ့ တရားမဝင် အနှိပ်ခန်းတွေကို အရေးယူဆောင်ရွက်ပေးဖို့အပြင် ကလေးငယ်တွေ ကော်ရှူတာတွေကိုလည်း ဥပဒေရေးဆွဲပြဌာန်းပြီး အရေးယူပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၀၀ ကျော်ရှိခဲ့ပြီး တရားမဝင် အရက်ရောင်းချမှုပေါင်း တစ်ထောင်ကျော် ဖမ်းဆီးအရေးယူခဲ့တယ်လို့လည်း နယ်လုံဝန်ကြီး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။