ဒုစရိုက်တွေ နှိမ်နင်းမယ်လို့ တိုင်းဝန်ကြီးချုပ်ပြော


2016-05-21
Share
phyominthein-ygn-pm-620.jpg ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို မေလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မူကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ လုပ်ငန်းရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းမြို့နယ် ၄၅ မြို့နယ်မှာ တရားဥပဒေစိုးမိုးမူရှိအောင် လောင်းကစားဝိုင်းတွေ၊ လူဆိုးလူမိုက်ဂိုဏ်းတွေ ကို နှိမ်နင်းအရေးယူသွားမယ်လို့ ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ "ရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မူကို ရှေးရှုသော ရဲလုပ်ငန်းစနစ် ဆိုင်ရာလုပ်ငန်းရှင်းလင်းပွဲ"မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်တာဖြစ်ပါတယ်။

"ဒီနယ်မြေတွေကို တဖြေးဖြေးစိုးမိုးလာနိုင်တဲ့ ဥပဒေတွေအားလုံးဟာ အလေ့ကျင့်ကောင်းတွေရလာဖို့ အတွက်ဆို ပြည်သူလူထုဟာ ဘာတွေကို လိုလားနေတာလဲဆိုတာ ရပ်ရွာထဲမှာဖြစ်နေတဲ့ လောင်း ကစားတွေ၊ ရပ်ရွာထဲမှာရှိနေတဲ့ အရက်ဆိုင်တွေ၊ ရပ်ရွာထဲမှာဖြစ်နေတဲ့ ဂိုဏ်းတွေ၊ ကျူးကျော်အိမ်ရာတွေ ကို စီးပွားဖြစ်လုပ်နေတဲ့ ဂိုဏ်းတွေ၊ ဒီအခြေအနေတွေကို လူထုကအလွန်စိတ်ကုန်နေတယ်"

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ရဲစခန်းထောက်ခံစာယူဖို့လာသူတွေကို အခကြေးငွေမယူပဲ ဆောင်ရွက်ပေး ဖို့၊ အမူလာဖွင့်တဲ့သူတွေကို အမူဖွင့်မပေးတာတွေ မလုပ်ဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေလောင်းကစားနဲ့ ကင်းရှင်းအောင်နေ ကြဖို့ ပြောပါတယ်။

ဒါ့အပြင် မြို့နယ်ရဲစခန်း၊ ခရိုင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့အဆင့်ဆင့်ကို လစဉ် ဂါရဝပြု လက်ဆောင်ပေးအပ်ရတဲ့ အစဉ်အလာကိုလည်း အခုအချိန်ကစပြီး ရပ်ဆိုင်းဖို့ ပြောပါတယ်။

အလားတူ ဖမ်းဆီးမိတဲ့ တရားခံတွေကို ရိုက်နှက်စစ်ဆေးတာတွေ မလုပ်ဖို့နဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင် နှိပ်စက်မူတွေ မလုပ်ဖို့ကို လည်း ရဲချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လစာငွေအပါအဝင် လိုအပ်တဲ့ ရဲအသုံးအဆောင်ပစ္စည်းတွေ၊ အမူလိုက်ခတွေကိုပါ တိုးမြင့်ထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံတော်အကြီးကဲတွေနဲ့ တိုင်ပင်ဆွေးနွေးမူတွေရှိတယ်လို့ ရဲချုပ် ဇော်ဝင်း က ပြောပါတယ်။

ဒီနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လွှတ်တေ်ာကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရဲချုပ် ဦးဇော်ဝင်းတို့က မှုခင်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ရဲတပ်ဖွဲ့တွေ လိုက်နာရမယ့် အချက်တွေကို ရှင်းပြခဲ့ပါတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့