သတင်းသမားတွေအမှု ပြည်သူ့ပါတီဥပဒေအဖွဲ့ ရှေ့နေလိုက်မည်

2021.03.04
သတင်းသမားတွေအမှု ပြည်သူ့ပါတီဥပဒေအဖွဲ့ ရှေ့နေလိုက်မည် ၂၀၂၁ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ Myanmar Now သတင်းထောက် မကေဇွန်နွေး ကို တွေ့ရစဉ်
Photo: CJ

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထိန်းသိမ်းခံထားရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေဇွန်နွေးနဲ့ 7 Days သတင်းဌာန သတင်းထောက် ကိုအောင်ရဲ တို့နှစ်ဦးကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ဖို့ရှိပြီး ပြည်သူ့ပါတီ ဥပဒေအထောက်အကူပေးရေးအဖွဲ့က အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

သတင်းသမား နှစ်ဦး အပါအဝင် လှည်းတန်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုဘိုဘိုမြင့်အောင်ကို မတ်လ ၁၂ ရက်နေ့မှာ ရုံးချိန်းပေးထားပြီး ပြည်သူ့ပါတီ ဗဟိုဥပဒေရေးရာ အထောက်အကူပေးရေးအဖွဲ့က အမှုကို လိုက်ပါဆောင်ရွက်မှာဖြစ်တယ်လို့ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က RFA ကို ပြောပါတယ်။

ကိုဘိုဘိုမြင့်အောင်ဟာ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်ရဲ့ သားဖြစ်ပါတယ်။

သူတို့ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး သက်သေတွေကိုတော့ သက်ဆိုင်ရာ တရားရုံးတွေမှာ စစ်ခွင့်ရတယ်လို့ ရှေ့နေက ပြောပါတယ်။

ရန်ကုန်မှာ မတ်လ ၁၂ ရက်နေ့မှာ စတင်စစ်ဆေးမယ့် ဒီသတင်းထောက် နှစ်ဦးအပြင် AP သတင်းဌာနက ကိုသိန်းဇော်၊ MPA က ကိုရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော်နဲ့ အလွတ်တန်းသတင်းထောက် ကိုဗညားဦးတို့လည်း ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရပါတယ်။

သူတို့ရဲ့ ရုံးချိန်းတွေ ဘယ်တော့လဲဆိုတော့ မသိရသေးပါဘူး။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရနိုင်ပါတယ်။

ပြည်သူ့ပါတီ ဗဟိုဥပဒေရေးရာ အထောက်အကူပေးရေးအဖွဲ့က ရရှိတဲ့ စာရင်းတွေအရ မတ်လ ၃ ရက်နေ့ မနေ့ကနေ ဒီနေ့ မတ်လ ၄ ရက် အစောပိုင်းအချိန်အထိ အင်းစိန်ထောင်ကို ဖမ်ဆီးလာသူဦးရေ ၁၄၂ ယောက် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။