ရန်ကင်း ကလေးဆေးရုံက လူနာနှစ်ဦးမှာ A(H1N1) နဲ့ H3N2 ပိုးတွေ့ရှိ

ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီးက ကလေးလူနာနှစ်ယောက်မှာ ရာသီတုပ်ကွေးပိုး A(H1N1) နဲ့ H3N2 တွေ့ ရှိထားတယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါတယ်။

H1N1 နဲ့ H3N2 ဗိုင်းရပ်စ်အမျိုးအစားတွေ တွေ့ရှိထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အဲဒီကလေးငယ်တွေကို ရန်ကင်း ကလေးဆေးရုံက အထူးကြပ်မတ် ကုသဆောင်မှာထားရှိပြီး ကုသပေးနေတယ်လို့ ဒေါက်တာမြင့်မြင့်ခိုင်က ပြော ပါတယ်။

"ဟုတ်ပါတယ်။ အဲဒါ နှစ်ယောက်ရှိပါတယ်။ H1N1 နဲ့ H3N2 ပါ။ လက်ရှိအခြေအနေကတော့ အစ်မတို့ ဒီ အထူးကြပ်မတ် ကုသဆောင်မှာထားပြီးတော့ ကုသပေးနေပါတယ်"

ရာသီတုပ်ကွေးဟာ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပြင်းထန်တဲ့ ပုံစံမျိုးတွေ့ရတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။

မနေ့ကအထိ တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေးဖြစ်ပွားနေသူ ၁၅ ယောက်ရှိခဲ့ပြီး နှစ်ဦးကတော့ သေဆုံးသွား ပါတယ်။

ဒီကနေ့မှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးသွားတဲ့ အသက် ၆၇ နှစ်အရွယ် လူနာတစ်ဦး မှာလည်း ရာသီတုပ်ကွေး သံသယရှိတဲ့အတွက် စစ်ဆေးနေတယ်လို့ သိရပါတယ်။