မွန်ပြည်နယ် ရေးမြို့နယ်က လျပ်စစ်မီးမရသေးတဲ့ ကျေးရွာတွေကို နောက် ၁၈လ အတွင်း လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်သူတွေနဲ့တွေဆုံစဉ် ပြောကြားခဲ့ပါတယ်။
ဒီနေ့ရေးမြို့ ရွှေဆံတော်ဘုရားဓမ္မာရုံမှာပြုလုပ်တဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်သူတွေဆုံပွဲမှာ ၁၈ လအတွင်း မီးမရသေးတဲ့ ရေးမြို့နယ်ကကျေးရွာတွေကို ရရှိအောင်ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်လို့ ဒီပွဲတက်ရောက် ခဲ့တဲ့ မွန်ပြည်နယ်အမှတ်၈ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။
တစ်ယူနစ်ကို နိုင်ငံတော်ဈေး ၃၅ကျပ်နဲ့ ပေးနိုင်မှာမဟုတ်ဘဲ ကျပ် ၂ဝဝကျော်ဝန်းကျင်နဲ့ ပေးမယ်လို့ သိရပါတယ်။
ရေးမြို့နယ်မှာ မီးမရသေးတဲ့ကျေးရွာ ၅ဝကျော်လောက်ရှိပြီး ဒီကျေးရွာတွေကို Seaguard ကုမ္ပဏီက FO လောင်စာ သုံးမီးစက်နဲ့ မီးပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
လက်ရှိမီးရရှိတဲ့ ရေးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ အစိုးရကပေးတဲ့မီးမဟုတ်ဘဲ ပုဂ္ဂလိကမီးစက်ကပေးတဲ့ မီးကိုအ သုံးပြုနေရပြီး တစ်ယူနစ်ကို ကျပ် ၄၅ဝ၊ ၅ဝဝ နီးပါးပေးရပါတယ်။
ဒီနေ့ ဝန်ကြီးချုပ်ခရီးစဉ်မှာ ပြည်သူတွေဆုံပွဲအဖြစ် ရေးမြိုပေါ် ရွှေဆံတော်ဘုရားဓမ္မာရုံ၊အစင်ကျေးရွာ နဲ့ ကောဒွတ်ကျေးရွာ နေရာ ၃ခုမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီတွေဆုံပွဲတွေမှာ ဒေသခံတွေက လမ်းတွေ၊ အမှိုက်သိမ်းတာတွေ၊ ဈေးတွေပြုပြင်ပေးဖို့တောင်းဆို ခဲ့ပြီး တစ်ချို့ကိစ္စတွေကို ပြုလုပ်ပေးမယ်လို့ ဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။
