စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်အုပ်စု ဇီးကန်ရွာမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးတွေ ရွာထဲက နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၅ နှစ်အရွယ် ဒေါ်စိန်ရီနဲ့ အသက် ၄၀ အရွယ် ဒေါ်ခင်ထူး တို့ဖြစ်ပြီး ရေဦးမြို့ အစွန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး တွေ ဇီးကန်ရွာထဲကို ကျရောက် ခဲ့တာလို့ သေဆုံးသူ ဒေါ်ခင်ထူးရဲ့ ခင်ပွန်းက RFA ကို ပြောပါတယ်။
“လက်နက်ကြီးအသံကြားတယ်။ အသံကြားတဲ့အချိန်မှာ တစ်လုံးက မကွဲဘူး။ အဲဒီအချိန်မှာ အိမ်ထဲ ခုတင်အောက်ကို ဝင်လိုက်တာ။ ခုတင်အောက်ကို မိသားစုတွေ ဝင်တဲ့အခါ နောက်တစ်လုံးထပ်ကျတယ်။ အဲဒီမှကွဲပြီး ခုတင်အောက်မှာ ဝပ်နေတဲ့အချိန် ဘေးအစွန်ဆုံးက ကျနော့်အမျိုးသမီးကို ထိသွားတာ”
ရွာထဲက နေအိမ်တွေပေါ် လက်နက်ကြီးလေးလုံး ကျရောက်ခဲ့တာမှာ သုံးလုံးက ပေါက်ကွဲ ခဲ့တာလို့ သူက ပြောပါတယ်။
လက်နက်ကြီးကြောင့် နောက်ထပ် ဇီးကန်ရွာသား အသက် ၆၀ အရွယ် ဦးညွန့်ဝင်းနဲ့ အသက် ၁၉ နှစ်အရွယ် ကိုရဲနိုင်ဝင်းတို့လည်း ထိခိုက်ဒဏ်ရရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လေ့မရှိဘူးလို့လည်း ဦးအေးလှိုင်က အရင်က ဖြေဆိုဖူးပါတယ်။
ရေဦးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကတော့ စစ်မြေပြင်မဟုတ်ဘဲ ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ပြည်သူလူထုကို ထိခိုက်သေဆုံးအောင် လုပ်ဆောင်တာက မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ခုခံစစ်ပြင်းထန်တဲ့ မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်တွေ ကြေညာထားပြီး အဲဒီအထဲမှာ ရေဦးမြို့နယ်လည်း ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၂၉၆၄ ဦး သေဆုံးခဲ့ပါတယ်။