တရားစီရင်ရေးမှာ စစ်တပ်အရာရှိတွေ ခန့်ထားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်
2015.09.09

တပ်မတော်အငြိမ်းစား အရာရှိ ၂ဝ နီးပါးလောက်ကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှာ အဆင့်မြင့်ရာထူးတွေ ပေးအပ်လိုက်တဲ့အတွက် ပျဉ်းမနားမြို့နယ်က ရှေ့နေတွေက သူတို့လုပ်ငန်းခွင်မှာ အဝါရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး ဒီနေ့ စတင်ကန့်ကွက်ကြပါတယ်။
တပ်မတော်က တရားစီရင်ရေးကဏ္ဍတွေမှာ နေရာဝင်ယူလာတာကို ဆန့်ကျင်တဲ့အနေနဲ့ အဝါရောင်ဖဲကြိုး လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားမယ်လို့ ပျဉ်းမနားမြို့နယ် ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ပြောပါတယ်။
"ကျန်းမာရေးလောက တရားစီရင်ရေး လောကထဲမှာတင် မဟုတ်ဘူးဗျ၊ ဒီဗမာပြည်ရဲ့ ဝန်ကြီးဌာန အားလုံး လောကအားလုံးမှာ စစ်တပ်က မိုးကျရွှေကိုယ်တွေ ဝင်လာတာကို ဆန့်ကျင်ပါတယ်၊ ဖဲကြိုးလှုပ်ရှားမှုတွေက အကုန်လုံးပေါင်းစည်းပြီး တစ်ပြည်လုံးပျံ့နှံ့သွားတဲ့အထိ ကျနော်တို့ဆက်လုပ်မှာပဲ"
ပြီးခဲ့တဲ့ သြဂုတ်လက စစ်တပ်က အငြိမ်းစားအရာရှိတွေကို ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူးကစပြီး ပေးအပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
မနက်ဖြန် နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်က တရားရုံးတွေမှာ ဖဲကြိုးအဝါတွေကို လိုက်လံဖြန့်ဝေသွားမယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ကျန်းမာရေးဝန်ကြီးဌာနကို စစ်တပ်က အငြိမ်းစားအရာရှိတွေ ရွှေ့ပြောင်းလာတဲ့ အတွက် ဆရာဝန်တွေက အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။
ပျဉ်းမနားမြို့နယ် ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။