ဖဲကြိုးဝါလှုပ်ရှားမှု ရှမ်းပြည်နယ်အထိ ဆက်လက်ပြန့်နှံ့
2015.09.15

တပ်မတော်က အငြိမ်းစားယူလိုက်တဲ့ အရာရှိတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးရာထူးတွေ ခန့်အပ်လိုက်တာကို တောင်ကြီးမြို့ကရှေ့နေ ၁၀ ဦးလောက်က ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ရှမ်းပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ကြပါတယ်။
တပ်မတော်ကနေ အငြိမ်းစားယူလာသူတွေကို အဆင့်မြင့်ရာထူးတွေမှာ တိုက်ရိုက်ခန့်အပ်တဲ့စနစ်ကို ပပျောက်သွားဖို့ ရည်ရွယ်ပြီး ကန့်ကွက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောပါတယ်။
"တရားစီရင်ရေးစနစ်ကို စစ်အစိုးရလက်ထက်ရောက်ကတည်းကပေါ့နော် ပထမ အုပ်ချုပ်ရေးဘက်က တရားစီရင်ရေးကို စွက်ဖက်တယ်၊ အခု မိုးကျရွှေကိုယ်တွေ ဝင်လာတဲ့အတွက် တရားစီရင်ရေးမှာရှိတဲ့လူတွေ ဒုက္ခရောက်တယ်၊ အဓိကက ဒီမိုးကျရွှေကိုယ်တွေ တရားစီရင်ရေးဝန်ထမ်း ဌာနအားလုံးမှာပေါ့နော် ဒီစနစ်ကြီးကို တော်လှန်ချင်လို့ပါ"
ဒီလှုပ်ရှားမှုမှာ ရှမ်းပြည်နယ်တစ်ခုလုံးက ရှေ့နေတွေအားလုံး ပါဝင်လာဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။ အလားတူ မန္တလေးမြို့ အမရပူရမြို့နယ်တရားရုံးမှာ ရတနာပုံတက္ကသိုလ်ကျောင်းသား ၄ဦး ရုံးထုတ်ရာမှာ ရှေ့နေ ၄ယောက်က ဖဲကြိုးအဝါတွေ တပ်ဆင်ခဲ့ကြပါတယ်။ ဖဲကြိုးအဝါလှုပ်ရှားမှုကို ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က ပျဉ်းမနားနဲ့ ပြည်တို့မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ရှေ့နေတွေ လည်း ပါဝင်လာတာဖြစ်ပါတယ်။