လယ်ယာမြေပြဿနာတွေမှာ တရားမျှတမှုရှိစေဖို့အတွက်ဆိုပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ ဒေသခံ ၁၀၀ လောက် က ရပ်စောက်မြို့တော်ခန်းမရှေ့ကနေ လွတ်လပ်ရေးကျောက်တိုင်အထိ ဒီနေ့မနက်က လမ်းလျှောက်ပြီး တောင်းဆိုကြပါတယ်။
ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေကိစ္စတွေကို သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးစိန်ဝင်း က ပြောပါတယ်။
"ကျနော်တို့က ဥပဒေထက်မှာ တစ်စုံတရာမရှိစေလိုဘူး၊ အဓိကကတော့ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာစေရန်၊ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်စေရန်ပြုလုပ်တဲ့ အပြုအမူလုပ်ဆောင်ချက်၊ အဲ့ဒီမှာတာဝန်ရှိတဲ့ အဖွဲ့အစည်း အကြီးအမှူး၊ ဒါတွေကို ကျင့်ဝတ်နဲ့လျော်ညီစေဖို့ အကြောင်းပြုပြီးတော့ ကျနော်တို့က ဖော်ထုတ်တာပေါ့"
အဲ့ဒီဆန္ဒပြပွဲကို ရပ်စောက်မြို့နယ်က ဒေသခံတွေအပြင် တောင်ကြီးနဲ့ ပင်းတယမြို့တွေက ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။
ရပ်စောက်မြို့နယ်အတွင်းမှာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေကသာ တရားစွဲခံနေရပြီး တရားရုံးတွေက တောင်သူတွေဘက်က ပြန်လည်တရားစွဲဆိုတာကို လက်မခံသလို အမှုတွေကိုလည်း အပြီးသတ်အမိန့််ချမှတ်တာမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။