တရားမဝင် မြေချပါမစ်တွေ ထုတ်ပေးနေကြောင်း ကိုယ်စားလှယ်ပြော

မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ အောက်ခြေ ဝန်ထမ်းတွေဟာ တရားမဝင် မြေချပါမစ်တွေ ထုတ်ပေးနေတဲ့ အတွက် ပါမစ်ရတဲ့သူတွေဟာ လူမိုက်တွေ ငှားပြီး ပါမစ်ကျထားတဲ့မြေကွက်မှာ ကျူးကျော်နေထိုင်သူတွေကို မောင်းထုတ်တာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင် က ဒီနေ့ ပြောပါတယ်။

အောက်ခြေ ဝန်ထမ်းတွေက ထုတ်ပေးနေတာကို အစိုးရသိအောင် တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင် က ပြောပါတယ်။

" လောဘသားတချို့တွေက လူမိုက်တွေခေါ်လာတာ၊ လူမိုက်တွေခေါ်လာပြီး ဖျက်မလား မဖျက်ဘူးလား လုပ်သွားပြီးတော့ အဲလိုမျိုးတွေရှိတယ်။ ကိုယ်တို့ရပ်ကွက် ကိုယ်တို့နောက်လမ်းမှာပဲ ဖြစ်သွားတာ။ ကိုယ် လွှတ်တော်ကို မပြောလိုက်ပါဘူး။ အောက်ခြေက ဖြစ်နေတာကွ သိတဲ့အတိုင်း ဝန်ကြီးတွေက မသိဘူး။ အောက်ခြေမှာ လုပ်တာ ဝန်ထမ်းကလုပ်တာ။ ဘယ်အစိုးရတက်တက် ဝန်ထမ်းက ဖျက်ဆီးနေတာ။ ဝန်ကြီးတွေ က မသိဘူး။ သူတို့ တင်ပြတာကိုပဲ သဘောပေါက်နေတာ။ အောက်ခြေမှာဖြစ်တာ သူတို့ သဘော မပေါက်ဘူး။ အဲဒါကြောင့်မို့ ဒီမေးခွန်းကို မေးဖြစ်တာပါ "

တရားမဝင် မြေချပါမစ်တွေ ထုတ်ပေးတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်း မေးမြန်းရာ တိုင်းအစိုးရ အဖွဲ့ကိုယ်စား လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က အောက်ခြေဝန်ထမ်းတွေကို စိစစ်အရေးယူသွားမယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ တရားမဝင် မြေချပါမစ်တွေ ထုတ်ပေးနေတာတွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ အောက်ခြေက ဝန်ထမ်းတွေ တင်ပြတာကိုပဲ နားထောင်မနေဘဲ မြေပြင်အထိ ကွင်းဆင်းလေ့လာသင့်ကြောင်း ဦးကျော်ကျော်မောင် က ပြောပါတယ်။

မြေချပါမစ် ထုတ်ပေးတာတွေကို မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ပိုင်ခွင့် မရှိတော့ဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်းပေးပြီး ဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပေးတာတွေ ရှိနေတာ ဖြစ်ပါတယ်။