ယင်းမာပင်မှာ ထန်းတက်သမား တစ်ဦး ပစ်သတ်ခံရ

2023.03.09
Share on WhatsApp
Share on WhatsApp
ယင်းမာပင်မှာ ထန်းတက်သမား တစ်ဦး ပစ်သတ်ခံရ ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ မတ်လ ၈ ရက် ညနေပိုင်းမှာ တစ်မိုင်လောက်ဝေးတဲ့ နဘူးတောရွာကို ဝင်ရောက်လာချိန် ရွာအပြင်မှာရှိတဲ့ ထန်းတက်သမားတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူဟာ အသက် ၃၅ နှစ်အရွယ် ထန်းတက်သမား ကိုဇော်မင်း ဖြစ်ပြီး သူပစ်ခတ်ခံရတာကို ကိုယ်တိုင်မြင်တွေ့ရတဲ့ အသက် ၆၀ အရွယ် ထန်းတက်သမား ဦးမြအေးလည်း ရုတ်တရက် ထန်းပင်ပေါ်က လိမ့်ကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၃၀ လောက်ရှိတဲ့ စစ်ကြောင်း ပစ်ခတ်ဝင်ရောက်လာချိန် ရွာထဲကလူတွေ ထွက်ပြေးနိုင်ပေမယ့် ရွာပြင် ထန်းတောမှာကျန်ခဲ့သူ နှစ်ဦး ထွက်မပြေးနိုင်ဘဲ အခုလို အသက်ဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတွေကတော့ အကုန်လုံးပြေးကြလွှားကြတာ။ ထန်းသမားနှစ်ယောက်က ထန်းပင်ပေါ်မှာ ရှိနေတော့ အလွယ်တကူ မသွားနိုင်ဘူး။ ပစ်သတ်ခံရတဲ့ ထန်းသမား ကိုဇော်မင်းက သူ့ကလေးတွေကို အရင်ပြေးခိုင်းပြီး သူ့တဲထဲမှာ ဆိုင်ကယ် ပြန်ယူပြီး လှည့်အထွက် သေနတ်နဲ့မွှေ့ပြီး ပစ်သတ်သွားတာ”
 
အသက် ၆၀ အရွယ် ဦးမြအေးကတော့ အဲဒီပစ်ခတ်မှုတွေကို အနီးကပ်ကြားရပြီးနောက် လန့်ဖြတ်ပြီး ထန်းပင်ပေါ်က ရုတ်တရက် ပြုတ်ကျတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သူက ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ နိုင်ငံတော်ကို တစ်နည်းနည်းနဲ့ ဆန့်ကျင်ရင် လုံခြုံရေးအရ ဆောင်ရွက်ရတာတွေ ရှိနိုင်ပြီး အခုဖြစ်စဉ်ကိုတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် မြောက်နုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ်ကလည်း အရပ်သားနှစ်ဦး သတ်ဖြတ်ခံခဲ့ရသလို နေအိမ် ၁၅၀ လောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ယင်းမာပင်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကြောင်းထိုးတာ၊ ရွာတွေကို ဝင်ရောက် စီးနင်းတာတွေလည်း နေ့စဉ်လိုလို ရှိနေတယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂၀၂၃ မတ်လ ၈ ရက်နေ့အထိ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃၁၁၃ ဦး ရှိပြီ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံက မြို့နယ် ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။