ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဥပဒေမဲ့သတ်ဖြတ်မှု ကျူးလွန်

စစ်တပ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲက YMB PDF လို့အတိုကောက်ခေါ်တဲ့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တချို့က ဒေသခံပြည်သူ ၂ဝ ခန့်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ လူမှု မီဒီယာတွေမှာ အခုရက်ပိုင်း ပေါ်ထွက်ခဲ့ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဆိုတဲ့ နာမည်နဲ့ မတ်လ ၁၄ ရက်နေ့စွဲတပ်ပြီး ထုတ်ပြန်တဲ့ စာတစ်စောင်မှာ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လကနေ အခုမတ်လဆန်းအတွင်း ဒေသခံပြည်သူ ၂၁ ဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ကြောင်းနဲ့ အဲဒီသတ်ဖြတ်မှုတွေထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက လာပို့ရွာမှာ ပြည်သူ လေးဦးနဲ့ ဒေသတွင်းရှိ တခြားကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် တစ်ဦးနဲ့ ကာကွယ်ရေးတပ်သား ငါးဦးကို သတ်ဖြတ်ခဲ့မှုလည်း ပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး RFA က စုံစမ်းမေးမြန်းခဲ့ရာမှာ အဲဒီပြည်သူလေးယောက်ကို ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့က ပထမ ဖမ်းဆီးထားခဲ့တာဖြစ်ပြီး သူတို့ကိုပြန်လွှတ်ပေးဖို့ သွားရောက်ပြောဆိုတဲ့ တခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ တပ်ဖွဲ့ဝင် ငါးဦး စုစုပေါင်း ခြောက်ဦးကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးခံ ကာကွယ်ရေးအဖွဲ့နဲ့ ယင်းမာပင်ကာကွယ်ရေးအဖွဲ့အကြား ရန်ငြိုးရန်စ ပြဿနာတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

အဲဒီပြဿနာတွေထဲမှာ ဖမ်းဆီးခံကာကွယ်ရေးတပ်ဖွဲ့က တစ်ချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဗုံးထောင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ကို မထိခိုက်ဘဲ ယင်းမာပင် ကာကွယ် ရေးတပ်ဖွဲ့ကို ထိခိုက်လုနီးပါးဖြစ်သွားခဲ့တဲ့ ပြဿနာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီအရင်က ရန်ငြိုးကြောင့် အခုဖမ်းဆီးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကို ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့က ဦးစွာသတ်ဖြတ်ပစ်လိုက်ပြီးနောက် မူလဖမ်းဆီးထားတဲ့ ပြည်သူလေးဦးကိုလည်း နှုတ်ပိတ်တဲ့အနေနဲ့ ဆက်လက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အထက်ပါ လူ ၁ဝ ဦးသတ်မှုအတွက် ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးမှာ အဓိကတာဝန်ရှိတယ်လို့ RFA ကသိရှိရပေမယ့် အမည်နာမနဲ့ ရာထူးတွေကို အတိအကျ မသိရသေးပါဘူး။ ဒေသခံ PDF အဖွဲ့တွေရဲ့ စုပေါင်းထုတ်ပြန်ချက်မှာတော့ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ပတ်သက်ပြီး ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ အပါအဝင် လူ ၁၃ ဦးမှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိဟာ တစ်ချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်လှုပ်ရှားမှုတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အရှင်သောပါက ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူဝတ်လဲကာ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ဗိုလ်သံမဏိက သူ့တပ်ဖွဲ့ ဝင်တချို့အနေနဲ့ အခုလို ဥပဒေမဲ့လုပ်ရပ်တချို့ကို ကျူးလွန်ခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သူတို့အပြည့်အဝပူးပေါင်း ကူညီနေပါတယ်လို့ RFA ကို ပြောပါတယ်။

“အောက်ခြေမှာ အဲလိုတွေဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ နည်းသွား ပါတယ်။ ဒါက မနှစ်က နိုဝင်ဘာလမှာ ဖြစ်ခဲ့တာပါ။ အခုနောက်ပိုင်းကတော့ ဒီလို အဖြစ်အပျက်တွေက တော်တော်ကြီးကို နည်းသွားပါပြီ။ ဒါက အောက်ခြေကဖြစ်တာ ဖြစ်တဲ့အတွက် တချို့ဟာတွေက မသိလိုက်ဘဲနဲ့ ဖြစ်သွားတာပါ။ ဒါပေမဲ့ အဲဒါမျိုးတွေ နောင်မဖြစ်အောင်အတွက် အမိန့်ညွှန်ကြားချက်တွေ ထုတ်ထားတာ ရှိပါတယ်။ ဒီအမှုတွေနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်တာမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင် တာဝန်ရှိ သူတွေ ဒီအမှုကို ကျူးလွန်သူတွေက တာဝန်ယူပါ့မယ်ဆိုတာ အားလုံးက အပြစ်ပေး သမျှကို ခံယူပါ့မယ်ဆိုပြီး ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒါကတော့ တော်လှန်ရေး ကာလပြီးတဲ့အခါမှသာ စနစ်တကျ စုံစမ်းစစ်ဆေးမေးမြန်းတာတွေ လုပ်မှသာ အဆင်ပြေပါလိမ့်မယ်၊ အခုက တော်လှန်ရေးကာလ ဖြစ်သေးတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရေးယူအပြစ်ပေးဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ ထောင်ချတယ်ဆိုရင်လည်း ဘယ်ထောင်မှာချမလဲ။ ထောင်လည်းမရှိဘူးဆိုတဲ့ အနေအထားမျိုးပါ။ ဗိုလ်သံမဏိကို အပြစ်ရှိလို့ အပြစ်အရ ထောင်ချမယ်ဆိုရင်လည်း လက်ခံပါ့မယ် တရားဥပဒေအတိုင်း ကြည်ကြည်ဖြူဖြူလက်ခံပါ့မယ်လို့ သဘောတူထား ပါတယ်ခင်ဗျ”

သူ့အနေနဲ့ အခုလို သတ်ဖြတ်ဖို့အတွက် အမိန့်ပေးစေခိုင်းခဲ့ခြင်းတော့ လုံးဝ မရှိပါဘူးလို့ ဗိုလ်သံမဏိ ကပြောပါတယ်။

“သတ်ပါဆိုပြီး အမိန့်ပေးခဲ့တာမျိုးလုံးဝ မရှိပါဘူး။ အရင်ကလည်း မရှိသလို အခုလည်း မရှိပါဘူး။ စစ်ပွဲမှာ မိလာတဲ့ စစ်သုံ့ပန်းကိုတောင်မှ သေချာကျကျနန ပြုစုစောင့်ရှောက် ထားတာရှိပါတယ်။ စစ်ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်သားတွေ ရဲတွေကို ပြုစုစောင့် ရှောက် ထားတာရှိပါတယ်။ ဒီလိုမျိုး သတ်ဖြတ်ဖို့ အမိန့်ပေးတယ်ဆိုတာ လုံးဝ မှားယွင်းတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်ခြေရဲဘော်တွေက လက်လွန် ပြီးတော့ ဒေါသကိုမထိန်းနိုင်ဘဲ သတ်ဖြတ်ခဲ့တာမျိုး ရှိပါတယ်။ ဒါက စစ်ပွဲကာလ ဖြစ်တဲ့အတွက် စစ်နဲ့ပတ်သက်တဲ့ War Crime ဆိုတာ အနည်းနဲ့အများ ကျူးလွန် တာမျိုးတွေရှိပါတယ်”

statement.jpg
၂ဝ၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၆၃ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်။

NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က အထက်ပါ လူသတ်မှုကို လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း သူတို့အစိုးရကို တိုင်ကြားခဲ့တဲ့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အွန်လိုင်းက စစ်ဆေးခဲ့ကြောင်းနဲ့ တွေ့ရှိချက်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ထံ မတ်လ ၁၇ ရက်နေ့ မနေ့က တင်ပြလိုက်ကြောင်း ပြောပါတယ်။

“ယင်းမာပင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရားရေး ဝန်ကြီးဌာနတို့ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးပြီးဖြစ်ပါတယ်။ စစ်ဆေးပြီး အစီရင်ခံစာကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရထံကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကော်မရှင်အဖွဲ့ရဲ့တွေ့ရှိချက်တွေအရ ဥပဒေမဲ့ ဆောင်ရွက်ခဲ့မှုတွေ ရှိနိုင်တယ်ဆိုတဲ့ အချက်တွေ တွေ့ရပါတယ်။ တရား ဥပဒေနဲ့အညီ စီရင်နိုင်ရေးအတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ဆက်လက်လုပ် သွားပါ့မယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကာလဖြစ်ပေမယ့် လည်း ဥပဒေကို ချိုးဖောက်ခဲ့တဲ့ ကိစ္စရပ်တွေရှိရင် အားလုံး ဥပဒေနဲ့ဖြစ်ရေးဆိုတဲ့ လူတိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ဆိုတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင် သွားပါ့မယ်”

ဒါဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံးအကြိမ် လူသိရှင်ကြားပေါ်ပေါက် လာခဲ့တဲ့ ဒေသခံ PDF အဖွဲ့တစ်ခုရဲ့ ဥပဒေမဲ့သတ်ဖြတ်မှုဖြစ်ပါတယ်။ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်က စစ်ကောင်စီအနေနဲ့ ဒီကိစ္စကိုအသုံးချပြီး ဝါဒဖြန့်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ အခုလို ဥပဒေမဲ့လုပ်ရပ်တွေကြောင့် PDF တွေရဲ့ ပုံရိပ်အပါအဝင် နွေဦးတော်လှန်ရေးကို ထိခိုက်လာနိုင်တဲ့အတွက် NUG အနေနဲ့ ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်လို့ ဝေဖန်ပါတယ်။

“အခုကိစ္စက PDF အချင်းချင်း စိတ်ဝမ်းကွဲမှု ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက PDF တွေလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေလိုပဲ Extra Judicial killing ဥပဒေမဲ့ သတ်ဖြတ်မှုတွေ လုပ်နေကြတာပဲ ဘာထူးလို့လဲ ဆိုတဲ့ ကိစ္စမျိုးတွေ အနောက်တိုင်း သံတမန်တွေ အနောက်တိုင်းဥပဒေပညာရှင်တွေက ပြောလာလို့ရှိရင် NUG ရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်သွားနိုင်တယ်၊ ဒါကြောင့် ယင်းမာပင်ပြဿနာကို NUG အစိုးရ အနေနဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲလိုမှမလုပ်ရင် ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ ကျနော်တို့ကို အထင်မြင်လွဲမှားပြီး အကူအညီ အထောက်အပံ့တွေ လျော့ပါးသွား နိုင်တယ်ဆိုတာ သတိပေးလိုက်ပါတယ်”

ဒီအတောအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တချို့က ယင်းမာပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို လက်နက်ဖျက်သိမ်းပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုနေကြပါတယ်။ NUG အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင်ကို မကြာခင်ထုတ်ပြန် လိမ့်မယ်လို့ သတင်းပေါ်ထွက်နေပေမယ့် ဦးနိုင်ထူးအောင် ကတော့ သူ့အနေနဲ့ အဲဒီလို ကြေညာချက်ထုတ်မယ့်ကိစ္စကို သူမသိသေးဘူးလို့ ပြောပါတယ်။

RFA အနေနဲ့ ဥပဒေမဲ့ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။