ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဂျွန်လင်နန်၏ ဇနီး ကြိုးပမ်းလျက်ရှိ

ကွယ်လွန်သူ ကမ္ဘာကျော် ဘီးတဲလ်စ်တေးဂီတအဖွဲ့ စွယ်စုံ ပညာရှင် ဂျွန်လင်နန်ရဲ့ ဇနီးသည် ယိုကို အိုနိုက ခင်ပွန်းသည်ရဲ့ အနှစ် ၇၀ မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

yoko_ono_amnesty_200_z.jpg
ကမ္ဘာကျော် ဘိတယ်လ် ရော့ခ်ဂီတအဖွဲ့မှ ကွယ်လွန်သူ ဂျွန်လင်နန်၏ ဇနီး ယိုကို အိုနိုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နှင့် လက်တွဲ ကြိုးပမ်းလျက်ရှိသည်။ (Photo: Amnesty International) ((Photo: Amnesty International))

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ လှူဒါန်းကြတဲ့ငွေတွေကို သူမအနေနဲ့ တကျပ်ကို တကျပ်ချင်း လိုက်ပါ ထည့်ဝင်ဖို့ ဒေါ်လာငွေ တသိန်းသုံးသောင်း လျာထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ဟာ ဂျွန်လင်နန်ရဲ့ မွေးနေ့ဖြစ်ကြောင်း၊ သူမ အနေနဲ့ ဂျွန်လင်နန်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမြဲတမ်း ဆန္ဒရှိတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလို့ ဆိုရာမှာ အများအကျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတာပဲ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ အဖွဲ့ကြီး ဖြစ်တာကြောင့် ဒီအဖွဲ့ကြီးနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ သူမက တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်လောက် တရားမဝင် ချုပ်နှောင်ခံခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ လုပ်ရပ်တွေကြောင့် သူမအနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေးကို စိတ်ဝင်စားလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မေတ္တာတရား၊ သူ့ရဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေး သင်္ကေတတွေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် တိုက်ပွဲဝင်ဖို့ တွန်းအားပေးနေသူ ဖြစ်ကြောင်း မစ္စ ယိုကို အိုနိုက ပြောကြားထားပါတယ်။