မမြသွဲ့သွဲ့ခိုင် ကိုယ်စား ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လူငယ်ထု ပြောကြား

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.02.21

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့ပေမယ့် မတရားမှုတွေကို ဆန့်ကျင်ပြီး တရားမျတမှုရရှိဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လူငယ်ထု အပါအဝင် အလွှာအသီးသီးရှိ ပြည်သူတွေက ပြောကြားလိုက်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်ကလပ်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကုတင် ၁၀၀၀ ဆေးရုံကြီးကနေ ဒီကနေ့မနက် ၁၁ နာရီလောက်မှာ စတင်သယ်ထုတ်လာပြီး ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ လူထုလူတန်းစားအလွှာအသီးသီးက ပြည်သူတွေအပါအဝင် စုစု‌ပေါင်း လူသုံးသောင်းနီးပါး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့  နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ အမျိုးသမီးတချို့က ဒီမတရားမှုကို လက်မခံနိုင်ဘဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

မွန်းလွဲ တစ်နာရီလောက်မှာတေ့ာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကွေ့ကြီးသုဿန်ကို ရောက်ရှိလာပြီး တဲ့နောက်၊ မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က လူတစ်သိန်းပါဝင်တဲ့ နေပြည်တော် သပြေကုန်းအဝိုင်း ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းစဉ် ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပြီး နှစ်ရက်အကြာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သပြေကုန်းအဝိုင်း ဆန္ဒပြပွဲကို ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့်၊ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်ကြီးနဲ့အဖွဲ့က မမြသွဲ့သွဲ့ခိုင်ရဲ့  ဦးခေါင်းထဲက ခွဲထုတ်ခဲ့တဲ့ ကျည်ဆန်ဟာ အသက်ကိုသေစေတဲ့ ကျည်ဆန်အစစ်ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဒီကနေ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့သူ လူငယ်သုံးဦးက မမြသွဲ့သွဲ့ခိုင် အသက်ပေးခဲ့ရတာနဲ့ ထိုက်တန်ဖို့အတွက် ဒီတိုက်ပွဲကို အဆုံးထိ နိုင်အောင်တိုက်သွားမယ်လို့ ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်ဖို့ တွန်းအားတစ်ခုကို ဖြစ်စေပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဒီကနေ့ ဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်ခဲ့တဲ့ လူငယ်တွေနဲ့ အလွှာအသီးသီးက လူငယ်တွေက ပြောကြားသွားကြပါတယ်။

အာဏာပိုင်တွေဟာ ဈာပနအခမ်းအနားမရောက်ခင် မနေ့ညသန်းခေါင်ယံ အချိန်ကတည်းက မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းထားရှိရာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံအတွင်းအပြင်ကို စစ်ကားအစီး ၃၀ ခန့်နဲ့ ပိတ်ဆို့ဝန်းရံပြီး မိသားစုကလွဲလို့ အပြင်လူ လုံးဝ ဝင်ခွင့်မပေးခဲ့ပါဘူး။

ဒီကနေ့ ဈာပနအခမ်းအနားနေ့မှာလည်း နေပြည်တော်ကောင်စီနယ်မြေ လမ်းဆုံမီးပွိုင့်တိုင်းနဲ့ ဆေးရုံကနေ ကွေ့ကြီးသင်္ချိုင်းကို သွားရာလမ်းတစ်လျောက်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ ရဲနဲ့ စစ်တပ်အင်အား အများအပြားက အသင့်အနေအထားနဲ့ စောင့်ကြည့်နေတာကို မြင်တွေ့ရပါတယ်။

ဒါ့အပြင် ဈာပနအခမ်းအနား ပြုလုပ်နေချိန် မနက် ၁၁ နာရီကနေ မွန်းလွဲ ၃ နာရီကျော်လောက်အထိ နေပြည်တော်တဝိုက်မှာ အာဏာပိုင်တွေက အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာ မြန်နှုန်းလျှော့ချတာတွေလုပ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၉ ရက် ပစ်ခတ်ဖြိုခွင်းမှုမှာ မမြသွဲ့သွဲ့ခိုင်နဲ့အတူ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ကိုဆိုဝေ တို့ သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး၊ နောက်ထပ် လူငယ် ၁၅ ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုဆိုဝေနဲ့အတူ ဒဏ်ရာရသူအားလုံး ကံကောင်းထောက်မစွာ အသက်မသေ လွတ်မြောက်ခဲ့ပေမယ့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကတော့ အခင်းဖြစ်ပြီး လေးရက်အကြာမှာပဲ ဦးခေါင်းထဲမှာရှိနေတဲ့ သတ္တုကျည်ဆန်ကြောင့် ဦးနှောက်သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ၅ ရက်အကြာ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ အပြီးတိုင်ကွယ်ခဲ့တာပါ။

မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ လုံထိန်းတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ထင်ဇော်််််ဝင်း
2021-02-21 11:53

သမီးလေးရေ...

သမီးလေးအသက်ဆုံးရူံးခဲ့ရတာ အလဟဿ မဖြစ်ရေ စေရပါဘူး
သမီးလေးကောင်းရာသုဂတိရောက်ပါစေ
စစ်အာဏာရှင်များ..ရမ်းကားရက်စက်သူများ ရဲ့အောက်တန်းကျတဲ့ပစ်ခတ်မှုကြောင့် သမီးလေးကြွေလွင့်ခဲ့ရတာကို ကျန်ပြည်သူများက ပေးဆပ်ပါ့မယ်...

ချစ်တဲ့

ပြည်သူတစ်ဦီး

Anonymous
2021-02-21 20:47

Now, We brave with Ma Mya Thwate Thwate Khaing
We are Freedom!!!!!!!!!!!!!!!!