Inditex အဝတ်အစားကုမ္ပဏီ မြန်မာနိုင်ငံက ဝယ်ယူမှုတွေ ရပ်ဆိုင်းတော့မယ်
2023.07.27
နိုင်ငံတကာမှာ လူသိများတဲ့ Zara အမှတ်တံဆိပ် အဝတ်အထည် လုပ်ငန်းကိုပိုင်ဆိုင်တဲ့ စပိန်နိုင်ငံအခြေစိုက် Inditex ကုမ္ပဏီဟာ IndustriALL နိုင်ငံတကာ့အလုပ်သမားသမဂ္ဂအဖွဲ့ရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေကနေ ထုတ်လုပ်ပေးနေတဲ့ အဝတ်အထည်တွေကို ဝယ်ယူမှုရပ်ဆိုင်းတော့မယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
IndustriALL ရဲ့ တောင်းဆိုမှုကြောင့် Inditex ဟာ မြန်မာနိုင်ငံထဲကနေ တာဝန်ယူမှုရှိရှိနဲ့ အဆင့်ဆင့်ခွဲပြီး ထွက်ခွာဖို့လုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကုမ္ပဏီအတွက် အမှန်တကယ် ထုတ်လုပ်ပေးနေတဲ့ စက်ရုံအရေအတွက်ကို လျော့ချသွားမှာဖြစ်ပါတယ်လို့ Inditex ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Inditex ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာနဲ့ လက်ရှိ ကုမ္ပဏီအတွက် ထုတ်လုပ်ပေးနေတဲ့ စက်ရုံ ဘယ်နှစ်ရုံ ရှိတယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။
အခြား အဝတ်အထည် ကုမ္ပဏီတွေ ဖြစ်တဲ့ Mango၊ Primark နဲ့ Mark & Spencer ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သယံဇာတ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံကနေထွက်ခွာကြဖို့ တိုက်တွန်းနေတဲ့ Burma Campaign UK အဖွဲ့က သူတို့ ပစ်မှတ်ထားတဲ့ အထဲမှာ အထည်ချုပ်လုပ်ငန်းတွေမပါဝင်ပေမယ့်၊ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း အလုပ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်အလုပ်လုပ်ဖို့ ခက်လာတဲ့အကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ Burma Campaign UK အဖွဲ့က အထည်ချုပ်လုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာကြဖို့ တိုက်တွန်းထားတာ မရှိပါဘူး။ အထည်ချုပ် လုပ်ငန်းဟာ မြန်မာနိုင်ငံက သာမန်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စစ်တပ်နဲ့ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူဖို့ အကြီးစား ဝင်ငွေ ရှာပေးနေတဲ့ လုပ်ငန်းတွေကိုပဲ ပစ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက အလုပ်သမား အခွင့်အရေး အခြေအနေတွေ ကျဆင်းလာပါတယ်။ လုပ်ငန်းရှင်အချို့ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်မှုတွေ နဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့တွေကို ခြိမ်းခြောက်၊ ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ အညီ အလုပ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့၊ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိဘဲ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ အထည်အလိပ်တွေကို ဝယ်ယူဖို့ မဖြစ်နိုင်သလောက် ဖြစ်လာတာပါ ”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေဟာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ချမှတ်ထားကြပေမဲ့ မြန်မာပြည်သူသိန်းပေါင်းများစွာကို အလုပ်အကိုင်တွေ ပေးထားတဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍကိုတော့ ပိတ်ဆို့ အရေးယူမှု မရှိပါဘူး။
Inditex ကုမ္ပဏီအခြေစိုက်တဲ့ စပိန်နိုင်ငံ အဖွဲ့ဝင်ဖြစ်တဲ့ ဥရောပသမဂ္ဂ (အီးယူ)ဟာဆိုရင် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေဆီကနေ မှာယူကြဖို့တောင် ကုမ္ပဏီတွေကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။
အီးယူဟာ မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ လုပ်သားအခွင့်အရေး အခြေအနေ တိုးတက်လာအောင် သက်ဆိုင်ရာ အထည်ချုပ် စက်ရုံတွေ၊ အဝတ်အထည် လုပ်ငန်းတွေ နဲ့ ညှိနှိုင်းဆောင်ရွက်မယ့် MADE လို့ခေါ်တဲ့ စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်နေပါတယ်။
“မြန်မာစစ်ကောင်စီကို စီးပွားရေးအရရော၊ သံတမန် နည်းအရပါ ဘက်ပေါင်းစုံကနေ ဖိအားပေးဖို့ လိုအပ်ပါတယ်"
မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ဝယ်ယူခြင်းအားဖြင့် မြန်မာ လုပ်သားတွေရဲ့ အကျိုးကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ အီးယူနဲ့ MADE in Myanmar စီမံကိန်း အဖွဲ့ဝင်တွေက ယုံကြည်ပါတယ်။ ဒါပေမဲ့ တာဝန်ယူမှု ရှိရှိနဲ့ လုပ်ဆောင်ကြဖို့ လိုပါတယ် လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှုးချုပ် မာရီယို ရွန်ကိုနီက အီးမေးလ်နဲ့ တုန့်ပြန်ပြောဆိုခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာအဆင့် အပြစ်ပေးအရေးယူဖို့အတွက် ဆောင်ရွက်နေတဲ့ ယူကေနိုင်ငံအခြေစိုက် Myanmar Accountability Project အဖွဲ့က Chris Gunness ကလည်း စစ်ကောင်စီကို ဖိအားပေးတဲ့နေရာမှာ မြန်မာပြည်သူတွေကို မထိခိုက်မယ့် နည်းလမ်းတွေကိုပဲ သုံးသင့်တယ်လို့ ပြောပါတယ်။
“မြန်မာစစ်ကောင်စီကို စီးပွားရေးအရရော၊ သံတမန် နည်းအရပါ ဘက်ပေါင်းစုံကနေ ဖိအားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူတွေကို ထိခိုက်မယ့် နည်းလမ်းကို မသုံးသင့်ပါဘူး။ စစ်အုပ်ချုပ်ရေးကြောင့် အထိခိုက်ဆုံးက မြန်မာ ပြည်သူတွေပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ပိတ်ဆို့အရေးယူမှုနဲ့ နိုင်ငံတကာ လုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာဖို့ အားပေးထောက်ခံပေမဲ့ မြန်မာ ပြည်သူတွေကို မထိခိုက်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေကိုပဲ လုပ်သင့်တယ်လို့ ထင်ပါတယ် ”
မြန်မာ စစ်တပ်ကို အကျိုးပြုနေတဲ့အတွက် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေကို အီးယူက ထောက်ပံ့ထားတဲ့ MADE in Myanmar စီမံကိန်း နဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ အဝတ်အထည်တွေကို အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ GSP စနစ်တွေကို ရုပ်သိမ်းဖို့ တောင်းဆိုကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂအဖွဲ့တွေဖြစ်တဲ့ IndustriALL Global Union နဲ့ IndustriAll Europe တို့က ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။