ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်တဲ့အခါ လက်ထိပ်ခတ်တယ်၊ မခတ်ဘူးဆိုတာ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့သာ သက်ဆိုင်ပြီး တပ်မတော်အနေနဲ့ တရားစွဲဆိုထားပြီးဖြစ်တာကြောင့် တရားရုံးရဲ့ တရားစီရင်မှုနဲ့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားမှုတွေမှာ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
သံချပ်အဖွဲ့ဝင်တွေရဲ့ ရုံးထုတ်တွေမှာ တပ်မတော်က တရားလို မဟုတ်သူတွေ စစ်ယူနီဖောင်းဝတ်ပြီး အင်းစိန်အကျဉ်းထောင်မှာဖြစ်စေ၊ တရားရုံးမှာဖြစ်စေ စောင့်ကြည့်သူတွေရှိရင် သက်သေပြပါလို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် သံချပ်အဖွဲ့တွေကို ဝန်းရံခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ လေးခုနဲ့ တရားစွဲဆိုထားတာဟာလည်း တပ်မတော်ရဲ့ ညွှန်ကြားချက် တစ်စုံတရာမရှိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးရှုထောင့်နဲ့ လူမှုရေးရှုထောင့်အရ တရားရုံးထုတ်တွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကို ရဲတပ်ဖွဲ့က အရေးမယူဘဲ လက်ခံမယ်ဆိုရင် နောက်ဒီလို ရုန်းရင်းဆန်ခတ်တွေ ဆက်ရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပြဿနာတွေရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကတော့ သူတို့ကို အင်းစိန်အကျဉ်းထောင်ကနေ ဗိုလ်တထောင်တရားရုံးကို ရုံးထုတ်လာစဉ်မှာ တပ်မတော်က ဖိအားပေးပြီး လက်ထိပ်ခတ်ခိုင်းထားတယ်လို့ သိရကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။