နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို AA ဖမ်းထား

2022.07.19
နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို AA ဖမ်းထား ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Arakan Army

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၈ ရက် မနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ AA တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မောင်တောမြို့နဲ့ မိုင် ၂၀ ခန့်အကွာ ဆောင်ပညာရွာနဲ့ စံကားပင်ရင်းရွာကြားမှာ မနက် ၉ နာရီက တစ်ကြိမ်၊ မောင်တောမြို့နဲ့ ၂၈ မိုင်ခန့်အကွာ ဒုံးကုလားရွာနဲ့ ဝက်ကျိန်းရွာကြားမှာ မနက် ၁၀ နာရီခွဲက တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ခဲ့တာပါ။

"လက်နက်ချ အညံ့ခံပြီးတော့ ဖမ်းဆီးရမိတာက ရဲမှူးတစ်ယောက်အပါအဝင် ၁၄ ယောက်ရှိတယ်”

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရခဲ့သလို ရဲမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက RFA ကို အတည်ပြု ပြောဆိုပါတယ်။

“မောင်တောမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်တာ ရှိတယ်ဗျ။ စစ်ကောင်စီရဲ့ တပ်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းထားတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ ကျနော်တို့ ရက္ခိုင့် တပ်တော် (AA) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်။ ရန်သူ့ဘက်ကတော့ သေဆုံးတဲ့သူနဲ့ ဒဏ်ရာရတဲ့သူ အများအပြား ရှိတယ်။ နောက်ပြီးတော့ လက်နက်ချ အညံ့ခံပြီးတော့ ဖမ်းဆီးရမိတာက ရဲမှူးတစ်ယောက်အပါအဝင် ၁၄ ယောက်ရှိတယ်”

ဖမ်းမိတဲ့ ၁၄ ဦးစလုံး ရဲတပ်ဖွဲ့ဝင်တွေလား၊ ဒါမှမဟုတ် ရဲမှူးတစ်ဦးနဲ့ ကျန်သူတွေက စစ် သားတွေလားဆိုတာကိုတော့ ဦးခိုင်သုခက အတိအကျ ရှင်းမပြပါဘူး။

မနေ့ကတိုက်ပွဲမှာ သေနတ် ၂၆ လက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရရှိခဲ့တယ်လို့ AA ဘက်က ပြောထားပေမယ့် နှစ်ဖက် သေဆုံး၊ ထိခိုက်မှုကိုတော့ စစ်ကောင်စီတပ်ရော၊ ရက္ခိုင့်တပ်တော် (AA) ဘက်ကပါ အတိအကျ ထုတ်မပြောပါဘူး။

ဦးခိုင်သုခက ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကရင် ပြည်နယ် KNLA တပ်မဟာ ၅ ဒေသထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး ခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ RFA ကို ပြောပါတယ်။

မနေ့က ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း တိုက်ပွဲ ဗီဒီယိုဖိုင်မှာတော့ မိုင်းဆွဲခံထားရတဲ့ ရဲကားတစ်စီးပေါ်မှာ ရဲတပ်ဖွဲ့ဝင် လေးဦး ထက်မနည်း သေဆုံးနေတာကို မြင်တွေ့ရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း မြဝတီကျေးရွာက ဒေသခံတစ်ဦးက မနေ့ကတိုက်ပွဲဖြစ်တဲ့ နေရာတွေဘက်ကနေ ဒီကနေ့မှာလည်း သေနတ်သံတွေ ကြားနေရဆဲလို့ RFA ကို ပြောပါ တယ်။

“ဒီနေ့အခြေအနေကတော့ သေနတ်ပစ်သံတွေ ကြားနေရတယ်။ ဘယ်နားက ပစ်တာလဲ ဆိုတာကိုတော့ အသေအချာမသိဘူး။ ပစ်သံတွေကတော့ ခဏခဏကြားနေရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေလည်း မထွက်ဘူး၊ အားလုံးရွာထဲမှာပဲ တိတ်ဆိတ်နေကြတယ်။ စိုးရိမ်မှုတွေကတော့ အရင်ကထက်များလာတာပေါ့။ ဘယ်နေရာက ထပေါက်မလဲ သေ ချာမသိဘူး။ တိုက်ပွဲဖြစ်လာရင် ဘယ်ကိုပြေးလို့ ပြေးရမယ်မှန်းလည်းမသိဘူး။ ဒီဘက် ဆိုလည်း တောတောင်၊ ဒီဘက်ကဆိုလည်း ချောင်း၊ လယ်ပြင် ဘယ်ကိုပြေးရမယ်မှန်း မသိဘူး။ စိုးရိမ်မှုတွေ များလာတာပေါ့”

မနေ့က တိုက်ပွဲကြောင့် ဒေသခံတွေဟာ စာသင်ကျောင်းမှာ ထွက်ပြေးပုန်းရှောင်ခဲ့ရပြီး အခုချိန်ထိ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းက ဒေသခံတွေဟာ တောတောင်နဲ့ လယ်ယာကို အဓိကမှီခို အသက်မွေးရတာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်လာရင် စားဝတ်နေရေး ခက်ခဲလာနိုင်တာ ကြောင့် တိုက်ပွဲတွေ ထပ်မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ နှစ်ဖက်အကြား ယုံကြည်မှုတွေပျက် စီး သွားပြီး စစ်ကောင်စီရဲ့ မရိုးသားတဲ့လုပ်ရပ်ကြောင့် ငြိမ်းချမ်းရေးကို ဘယ်လိုမှ ဦးတည် လို့မရဘူးလို့ ပြောပါတယ်။

“တစ်ဖက်နဲ့ တစ်ဖက်က ယုံကြည်မှုရှိတာတွေကအစ ကျဆင်းလာတာပေါ့နော်။ အရင်ရှိ နေပြီးသား ယုံကြည်မှုတွေတောင်မှ အကုန်လုံးပျက်စီးသွားပြီဆိုတဲ့သဘောရှိတယ်။ ဒါ ကြောင့်မို့လို တကယ်ငြိမ်းချမ်းရေးကို လုပ်မယ် ဆိုလို့ရှိရင်တော့ တစ်ဖက်မှာ ငြိမ်းချမ်း ရေး တွင်တွင်အော်နေပြီးတော့ နောက်တစ်ဖက်မှာ ထိုးစစ်ဆင်လာမယ်၊ တစ်ဖက်ကို ငြိမ်းချမ်းအောင်ထားပြီး နောက်တစ်ဖက်ကို ဖိတိုက်မယ်ဆိုတဲ့ မရိုးမသား လုပ်ရပ်တွေ ကတော့ ဘယ်လိုမှ ငြိမ်းချမ်းရေးကို ဦးတည်လာမှာ မဟုတ်ဘူး”

ဒီပြောဆိုချက်တွေအပါအဝင် မနေ့က တိုက်ပွဲအခြေအနေအကြောင်း သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ညနေပိုင်းအထိ ခေါ်ဆို လို့မရပါဘူး။

aa.jpg
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ် (Photo: Arakan Army)

မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်ဇံ ကတော့ ရခိုင်ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်သူတွေရဲ့ကိုယ်စား ရက္ခိုင့်တပ်မတော်က တောင်း ဆိုနေတာဖြစ်ပြီး စစ်ကောင်စီဘက်က အလျှော့ပေးမှ တိုက်ပွဲတွေ ရပ်သွားမယ်လို့ ထောက် ပြပါတယ်။

“တိုက်ပွဲက တစ်ဖက်နဲ့ တစ်ဖက် အလျှော့အတင်းမလုပ်ရင် တိုက်ပွဲကပြီးမှာမဟုတ်ဘူး။ အေအေကလည်း သူတို့ ပြောထားတဲ့အတိုင်း သူတို့လမ်းစဉ်ကို ရအောင်လုပ်မယ်လို့ပြော ထားတာလေ။ တပ်မတော်ကလည်း အလျှော့ မပေးဘူး။ အဓိကအလျှော့ပေးရမှာက စစ် တပ်က အလျှော့ပေးရမှာ။ အဓိက အခွင့်အရေးတွေ ဆုံးရှုံးနေတာက တိုင်းရင်းသားဒေသ တွေမှာ ဆုံးရှုံးနေတာ။ ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ရခိုင် တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေကိုတောင်းဆိုနေတာ။ ရခိုင်လူထုရဲ့ ရပိုင်ခွင့်ကို အေအေ က ကိုယ်စားပြု တောင်းဆို နေတာဖြစ်တဲ့အတွက် တောင်းဆိုနေတဲ့ အခွင့်အရေးတွေကို ပေးရင် တိုက်ပွဲတွေ ရပ်သွားမှာပဲ”

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၀ နိုဝင်ဘာလအထိ နှစ်နှစ်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ အဲဒီနောက် နှစ်ဖက်အကြား နားလည်မှုနဲ့ပဲ အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ မေလကစလို့ နှစ်ဖက်အကြား စစ်ရေးတင်းမာမှုတွေ ပြန်မြင့်တက်လာပြီး ရခိုင်ပြည်နယ် အတွင်း အပြန်အလှန် ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။

အဲဒီလို စစ်ရေးတင်းမာနေချိန်မှာပဲ ဇူလိုင်လ ၄ ရက်နေ့မှာ ကရင်ပြည်နယ်မှာရှိတဲ့ ရက္ခိုင့် တပ်တော် (AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။