တိုင်းရင်းသားပါတီကြီးတွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ

ခင်မောင်စိုး
2020-07-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို မနက်ဖန်ကြေညာမယ်လို့ ပြောပါတယ်။ တခြားပါတီတွေကလည်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ်ရွေးချယ်နေကြပါပြီ။  တိုင်းရင်းသားပါတီတွေထဲက အင်အားကြီးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ဒီအပတ်အတွင်းမှာပဲ ဗဟိုအဆင့်  အပြီးသတ်ရွေးချယ်မှုတွေ ပြုလုပ်မယ်လို့ ပြောပါတယ်။

“ကျနော်တို့က မြို့နယ်စိစစ်ရေးအဆင့်၊ ဌာနချုုပ်ခွဲအဆင့်ရယ် ဗဟိုဌာနချုပ်အဆင့်ရယ် ဆိုပြီး ၃ ဆင့် ခွဲထားတယ်။ မြို့နယ်စိစစ်ရေးအဆင့်က အကုန် ပြီးပြီ။ အခု ဌာနချုပ်ခွဲအဆင့်ကို  ဒီနေ့လက်စသတ်နေတယ်။ ၂၅ ရက်နေ့ကစပြီး ဌာနချုပ်အဆင့် စိစစ်မှာဖြစ်ပါတယ်။ ဝင်ပြိုင်ဖို့ရှိတာက ၁၅ဝ နေရာလောက် ရှိပါလိမ့်မယ်။ ပြည်နယ်လွှတ်တော်ရော ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ရော ပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေ အပါအဝင်ပေါ့နော်။ ဒီလမကုန်ခင် အပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဖို့ရှိပါတယ်။ ကျနော်တို့ အရင်နိုင်ခဲ့တဲ့စံချိန်ကို ချိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။”


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၄ဝ နီးပါး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းကတော့ သူတို့ပါတီအနေနဲ့ ပြည်နယ်၊ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်လို့ RFA ကို မနေ့ညကပြောပါတယ်။

“ကျနော်တို့ပါတီကတော့ ဒီလ ၂ဝ  ရက်နေ့အထိ မြို့နယ်အသီးသီးမှာ ကိုယ်စားလှယ်ပြိုင်မဲ့သူတွေကို  မြို့နယ်ထဲမှာပဲ လျှောက်ခိုင်းထားတယ်။ မြို့နယ် စိစစ်ရေးအဖွဲ့က အမှတ်ပေးစနစ်နဲ့သွားမယ်။ အဲဒါကို ဒီလ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကိုပို့ရမယ်။ ဗဟိုစိစစ်ရေးအဖွဲ့က နောက်ဆုံး ရွေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာ ကြိုဝင်ပြိုင်မှာဖြစ်သလို အဲဒီမှာရှိတဲ့  မြို့နယ်တွေလဲ ဝင်ပြိုင်မှာပါ။ နောက်ပြီး ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်ဖို့လဲ ကျနော်တို့စီစဉ်ထားပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာဆိုရင် ကျနော်တို့က ၁၇ မြို့နယ်ဆိုတော့ ၃၄ နေရာပေါ့။  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပေါ့ - အမျိုးသားလွှတ်တော်က တိုင်းနဲ့ပြည်နယ်အားလုံးမှာ ၁၂ ယောက် နဲ့  ပြည်သူ့လွှတ်တော်က ၁၇ ယောက်ပေါ့နော်"


ကချင်တိုင်းရင်းသားပါတီ ၄ ခုကိုပေါင်းထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ က ဒေါက်တာ တူးဂျာ ဖြစ်ပါတယ်။

“ကျနော်တို့က ကိုယ်စားလှယ်အားလုံးရွေးပြီးသားပဲ။ ကျနော်တို့က အခု ပေါင်းစည်းပါတီဆိုတော့ လူကနည်းနည်းများတယ်။ ဝင်ချင်တဲ့လူတွေလဲရှိတယ်။ ဝင်သင့်တဲ့ပုဂ္ဂိုလ်တွေလည်း  ရှိနေတော့ ကျနော်တို့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်။ ၃၆ ယောက်က ပြည်နယ်လွှတ်တော်အမတ်၊ ၁၂ ယောက်က အမျိုးသားလွှတ်တော်၊ ၁၈ ယောက်ကတော့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာဝန်ကြီးကတော့ ၂ ယောက် ရွေးထားတယ်။ အားလုံး ၆၈ ယောက်”


တဆက်တည်းမှာပဲ ဒေါက်တာ တူးဂျာ က သူတို့ပါတီကို ကချင်လူထုက ထောက်ခံတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာ ၇ဝ ရာခိုင်နှုန်း အနိုင်ရမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ညွန့်ပေါင်းအစိုးရတရပ် ပေါ်ထွက်လာတဲ့အခါ ပါဝင်ပူးပေါင်းဖို့ ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။

“ ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာ။ ပိုပြီး ဒီမိုကရေစီကျတဲ့ ပါတီနဲ့ ပိုပြီး လက်တွဲနိုင်တာပေါ့။ ခုအချိန်ခါမှာတော့ NLD က ဒီမိုကရေစီပါတီဆိုပြီး အားလုံးက မှတ်ချက်ပြုနေကြတာပေါ့လေ။ ဒါပေမဲ့ NLD ရဲ့ ပေါ်လစီကို ကျနော်တို့ သေသေချာချာ မသိသေးဘူးဗျ။ အဲတော့ သူနဲ့ လက်တွဲမယ်လို့ အခိုင်အမာပြောလို့ မရသေးဘူး။ ဒါကြောင့် ဘယ်ပါတီနဲ့လက်တွဲမယ်ဆိုတာ ယတိပြတ်ပြောလို့ မရသေးဘူး။ ရွေးကောက်ပွဲပြီးတာနဲ့ ပေါ်ထွန်းလာတဲ့ အခြေအနေပေါ်မူတည်ပြီး ညွှန့်ပေါင်းတော့ဖွဲ့ရမှာပဲ။ အဲဒီမှာ NLD ရဲ့ အနေအထားကို စောင့်ကြည့်မယ်ဗျာ”

နိုင်ငံရေးပါတီအတော်များများက ညွန့်ပေါင်းအစိုးရ ပေါ်ထွန်းလာမယ်လို့ တွက်ဆနေကြပေမယ့် NLD ခေါင်းဆောင်တွေကတော့ ၂ဝ၁၅ ခုနှစ်ကလိုပဲ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ကိုယ်စားလှယ် ဦးရေကို ရရှိမယ်လို့ ယုံကြည်နေကြပါတယ်။ ပြည်သူတွေက ဘယ်လို ဆုံးဖြတ်မှာလဲ။ အဖြေသိရဖို့ ၃ လခွဲခန့်ပဲ လိုပါတော့တယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့