ကပ်ဘေးကာလ ကန့်သတ်ချက်ကြောင့် မဲဆွယ်စည်းရုံးရေး ခက်ခဲနေ

ဉာဏ်စိုးဝင်း
2020.09.10
nld-2020-election-campaign-622.jpg မော်လမြိုင်မြို့နယ်မှာ NLD အဖွဲ့ဝင်တွေ ၂၀၂၀ စက်တင်ဘာ ၈ ရက်နေ့က မဲဆွယ်စည်းရုံးစဉ်
Photo: Nyan Soe Win / RFA

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတာကြောင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့အညီ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိတယ်လို့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေပြီဖြစ်ပေမယ့် ပြည်တွင်းမှာ အတည်ပြုလူနာ အရေအတွက် နေ့စဉ်နဲ့အမျှ တိုးလာတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး မဲဆွယ်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါတယ်။

မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာ နေထိုင်ဖို့ ပါတီဝင်တွေကို ထိန်းချုပ်နိုင်ပေမယ့် ဝန်းရံပြည်သူတွေကို ထိန်းချုပ်ဖို့ မလွယ်ကူဘူးလို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

“ခက်ခဲတာတော့ အတော်တန်တော့ရှိတာပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ၂၀၁၀၊ ၂၀၁၅ တုန်းက သွားလာလှုပ်ရှားတဲ့အခါကျတော့ ဒီလောက်ထိ ဒီလိုမျိုး လူဦးရေကန့်သတ်တာတို့ နောက်ပြီးတော့ ဒီကာကွယ်ရေးပစ္စည်းတွေ သုံးနေရတာမျိုးက မရှိဘူးပေါ့၊ နည်းနည်း လွတ်လွတ်လပ်လပ်ဖြစ်တာပေါ့၊ အခုက ကပ်ရောဂါကာလ ဖြစ်တဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် ရောဂါကူးစက်မှု မဖြစ်အောင်လည်း သတိထားရတယ်၊ နောက်ပြီးတော့ ဒီဘေးစီမံပေါ့နော် ကပ်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ သတ်မှတ်ထားတဲ့ လူစုလူဝေးထက် ကျော်ပြီးတော့ မဖြစ်အောင် အဲဒီထိန်းညှိ ပြီးတော့ လုပ်ရတဲ့အခါကျတော့ သတိထားရတာပေါ့”

ပိုးကူးစက်ခံရသူတွေ ထပ်တိုးလာရင် ရပ်ကွက်ကျေးရွာတွေအတွင်း ဝင်ထွက်သွားလာမှု ကန့်သတ်တာနဲ့ ရင်ဆိုင် ရမှာဖြစ်တာကြောင့် ဒီလိုအခြေအနေဟာ မဲဆွယ်သူအတွက် အခက်အခဲဖြစ်လာမယ်လို့ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်အောင်က ပြောပါတယ်။

“ကိုယ်တွေကတော့ တစ်ခုစိတ်ပူတာ။ ဘာလဲဆိုတော့ ဒီကူးစက်တဲ့လူနာ တိုးလာမှာ တအားကြောက်တယ်။ တကယ်လို့ ကူးစက်တဲ့လူနာ တိုးလာပြီးဆိုရင် အဲဒီတိုးလာတာနဲ့ အမျှပေါ့နော်၊ အဲဒီရပ်ကွက်တွေမှာ Lock Down ချတာတို့ Stay at Home လုပ်တာတို့ဆိုရင်  စည်းရုံးရေးအတွက်က တော်တော်လေး အခက်အခဲ ရှိသွားနိုင်တာပေါ့နော်၊ ဒီနေရာကို ကျွန်မတို့ ဝင်လို့မရဘူး၊ သွားလို့မရဘူး၊ ပြောလို့မရဘူးဆိုရင် အဲဒီတော့ ကိုယ်တွေကတော့ ဆုတောင်းပါတယ်။ တတ်နိုင်သလောက်လေး ပြည်သူတွေက ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ နေကြဖို့၊ နောက်ပြီး ကိုယ်တွေကလည်းပဲ ဒီအတိုင်းလိုက်နာပြီး ဆောင်ရွက် ဖို့တော့ လိုအပ်တယ်ပေါ့နော်၊ အဲဒီတော့ အန်တီတို့လည်း ဆင်းသွားရင် ဆင်းသွားတဲ့အခါကျရင် စည်းရုံးရေး ဆင်းရင်းနဲ့ ဒီကန်ပိန်းလုပ်ရင်းနဲ့ မဲဆွယ်စည်းရုံးရင်နဲ့ အန်တီ အသိပညာရေးတွေ တခါတည်း ပူးတွဲပြီး လုပ်သွားဖို့တော့ အစီအစဉ်ရှိပါတယ်”

ကပ်ဘေးကာလ  နေအိမ်တွေမှာပဲနေဖို့ ကြေညာထားတဲ့နေရာတွေမှာ မဲဆွယ်စည်းရုံးခွင့်ကို တားမြစ်ထားပါတယ်။

မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၉ ဦးရှိကာ သေဆုံးသူတစ်ဦးရှိနေပြီး နေအိမ်တွေမှာပဲ နေထိုင်ဖို့ ကြေညာထားတဲ့ ရပ်ကွက် လေးခု ရှိနေပါတယ်။

ကပ်ဘေးကာလ မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ နဲ့အထက် မစုဝေးဖို့နဲ့ ကျန်းမာရေးဌာနရဲ့ ကြေညာချက်နဲ့အညီ မဲဆွယ်စည်းရုံးဖို့ ဆိုတာ စိန်ခေါ်မှုတွေ ဖြစ်လာတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းမော်ဦးက ပြောပါတယ်။

“ကော်မရှင်ရဲ့ ကြေညာချက်ပေါ့နော်၊ ကော်မရှင်ရဲ့ ကြေညာချက်အရ မဲဆွယ်စည်းရုံးလို့တော့ ရပြီလို့တော့ ပြောတယ်၊ တဘက်မှာလည်း ကျန်းမာရေးဌာနရဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာပြီး ဆောင်ရွက်ဖို့ ပြောတယ်။ ပထမတော့ ၃၀ ပေါ့၊ နောက်တော့ ၅၀ ပေါ့နော်၊ ၅၀ ဒီလိုမျိုး ညွှန်ကြားတာတွေရှိတယ်၊ ရှိတဲ့ နေရာမှာလည်းပဲ ခုနကပြောသလို အသုံးပြုမယ့် အဆောက်အအုံတို့၊ အကျယ်အဝန်းတို့၊ လေဝင်လေထွက် ကောင်းရမယ်တို့၊ နောက်တခါ Social Distancing ဝင်ရမယ်ဆိုတဲ့အပိုင်းတွေရှိတာပေါ့နော်။ ရှိတဲ့အခါ ကျတော့ ဒါတွေနဲ့ပတ်သက်ရင် နေရာနဲ့ ပတ်သက်တဲ့ Track တွေ နည်းနည်း ရှာရတော့မှာပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ရွေးကောက်ပွဲတွေ ပုံစံမျိုးတော့ ဆင်းရတဲ့ဟာက အခက်အခဲ ဖြစ်တာပေါ့နော်”


ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁၇ သိန်း  ၅ သောင်းကျော်ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ ၃၀၂ ယောက် ရှိပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း  ၁၂ ယောက် ရှိပြီး ကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ နိုင်ငံရေးပါတီ ၁၃ ခုက ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။