အခြောက်သွေ့ဆုံး မြန်မာသင်္ကြန်

2023.04.14
အခြောက်သွေ့ဆုံး မြန်မာသင်္ကြန် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့က တွေ့ရစဉ်။
RFA

နှစ်သစ်ကူးကာလရောက်တိုင်း မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပတဲ့ ဓလေ့ရှိကြပါတယ်။ ဒါပေမဲ့ ၂၀၂ဝ ကစပြီး ကိုဗစ်ကပ်ရောဂါရယ်၊ စစ်အာဏာသိမ်းမှုကြောင့်ရယ် သင်္ကြန်ကာလ စည်စည်ကားကား မရှိတာ ၄ နှစ်တိုင်ခဲ့ပါပြီ။ အခု ၂၀၂၃ ခုနှစ် သင်္ကြန်ကာလကတော့ အဆိုးဝါးဆုံး အခြောက်ကပ်ဆုံးလို့ ဆိုရမှာပါ။

ဒီလိုဖြစ်ရတာကလည်း လတ်တလောဖြစ်ပွားခဲ့တဲ့ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု အတွင်း ကလေးတွေအပါအဝင် ဒေသခံ ၁၆၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရမှုက မြန်မာပြည်သူတစ်ရပ်လုံးအတွက် နာကြည်းကြေကွဲစရာတွေနဲ့ စစ်ကောင်စီအပေါ် မုန်းတီးမှုတွေ ပေါင်းစည်းသွားခဲ့တာလို့ ဆိုကြပါတယ်။

သင်္ကြန်ဆိုစည်ကားလွန်းတဲ့ ရန်ကုန်မြို့ဟာ အခုလို နိုင်ငံရေးအခြေအနေတွေကြောင့် ဒီနှစ်မှာ လုံးဝခြောက်ကပ် နေတယ်လို့ ရန်ကုန် လှိုင်သာယာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာတော့ လမ်းသွယ်တွေထဲမှာပဲ ကစားတယ် လမ်းမကြီးပေါ် လုံးဝတက်မလာဘူး။ စကစကို အသိအမှတ်ပြုတဲ့ ပုံစံဖြစ်မှာကို စိုးတာဗျ။ အဓိကက ရန်ကုန်မြို့ကြီး တစ်မြို့လုံးကတော့ ခြောက်ကပ်နေတာပဲ ကျွန်တော်တို့ ပုံမှန်ဆို အင်းယားလမ်းထဲမှာဆို တိုးမပေါက်ဘူး မနေ့ကပုံမှာ ကြည့်ရတဲ့အနေအထားဆို အင်းယားလမ်းက ခြောက်ကပ်နေတာပဲ ဘယ်သူမှ မရှိဘူး။ သူတို့လူနဲ့သူတို့ နည်းနည်းပါးပါးတော့ ရှိမှာပေါ့ လူအယောက် ၁၀၀ တောင်မပြည့်ပါဘူး။ ရယ်စရာကြီး ဖြစ်နေတာလေ။ သူတို့ဘယ်လောက်ပဲ လုပ်လုပ် ပြည်သူက လုံးဝလက်မခံဘူးလေ။ သူတို့ကို ၁၂ ရက်နေ့မှာ ကန့်ဘလူက ပဇီကြီးကို လေကြောင်းတိုက်ခိုက်မှုမှာ လူတွေ သေတဲ့ကိစ္စမှာ လူတွေက တော်တော်ကိုဒေါသထွက်တယ်။ အစတည်းက သူတို့သင်္ကြန်ကို သပိတ်မှောက်မယ်လို့ လူတွေက ဆုံးဖြတ်ထားတဲ့ဟာမှာ ပိုပြီးတော့ခိုင်မာသွားတာပေါ့ စိတ်လည်းတိုတယ် စိတ်မကောင်းလည်းဖြစ်တယ်။”

နောက်ထပ် ရန်ကုန်ဒေသခံတစ်ဦးကလည်း ဒီနှစ်သင်္ကြန်ဟာ အရမ်းကို တိတ်ဆိတ်နေပြီး စစ်ကောင်စီကျင်းပတဲ့ မဏ္ဍပ်တွေသာ ရေကစားတာရှိတယ်လို့ ဆိုပါတယ်။

“ရန်ကုန်သင်္ကြန်ကလေ တစ်စက်တောင်မစည်တာ လူတွေက ကန့်ဘလူကိစ္စဖြစ်တော့လေ သိတယ်မှတ်လား ဘယ်သူမှ ထွက်ဖို့စိတ်မရှိတော့ဘူး။ ခါတိုင်းကတော့ ကလေးပေါက်စလေးတွေ တွေ့သေးတယ်။ အခုကလေးတွေလည်း မတွေ့ဘူး။ လမ်းထဲမှာဆို တိတ်ဆိတ်ပြီးတော့လေ ဘုန်းကြီးကျောင်းကျနေတာပဲ ဘယ်သူမှ မရှိဘူး အိမ်တွေတောင်မှ သီချင်းမဖွင့်ဘူး။ တစ်အိမ်မှကို မဖွင့်ကြဘူး တော်တော်ကိုတိတ်ဆိတ်နေတာ။ ညနေဘက် စျေးဆိုင်တွေတောင် တစ်ချို့ စျေးဆိုင်တွေဆို ရှိတောင်မရှိဘူး ရန်ကုန်ကတော့ ပြောမယ်ဆို ညီတယ်ပဲ ပြောရမှာပေါ့နော် သူတို့မဏ္ဍပ်တွေပဲ ရှိတယ်လေ။ တခြားမဏ္ဍပ်တော့ မရှိဘူး ဘာမှကိုမရှိဘူး ဒီနှစ်ကတော့ လုံးဝ ကြုံဖူးသမျှထဲမှာ။”

ရန်ကုန်မြို့သားတစ်ဦးဖြစ်တဲ့ ကိုဝင်းဦးကလည်း ပြည်သူအများစု စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ မပါဝင်ကြဘူးလို့ ပြောပါတယ်။


“အခု မြင်တွေ့ရတာကတော့ ဘာမှမရှိဘူး။ ခြောက်ကပ်ကပ်နဲ့ သွားလာနေတာပဲ တွေ့ရတယ်။ စည်ကားသိုက်မြိုက်တာ မရှိဘူး။ တခြားစီပဲ(အရင်နှစ်တွေနဲ့)။ ဘယ်သူမှလည်း လမ်းမထွက်ကြဘူး။ ရပ်ကွက်ထဲ ကလေးတွေလောက်ပဲရှိတယ်။ လူကြီးပိုင်းတွေကတော့ သိပ်မတွေ့ရဘူး။ မဏ္ဍပ်တွေကတော့ ရှိတယ်၊ လူမှမရှိတာ၊ သူတို့(စစ်ကောင်စီ)တွေကတော့ တစ်အိမ်ကို ဘယ်နှယောက်ဆိုပြီး ထွက်ခိုင်းတာ ရှိကောင်း ရှိလိမ့်မယ်။ ကျွန်တော်တို့ကတော့ မထွက်ဘူး။”

signal-2022-04-13-10-12-54-480-9.jpg
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှ ရေကစားမဏ္ဍပ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က တွေ့ရစဉ်။ (Photo: RFA)

သင်္ကြန်ဆို အစဉ်အလာကြီးမားတဲ့ မန္တလေးမြို့မှာလည်း ဒီနှစ်မှာတော့ ရေကစားတဲ့သူမရှိ ခြောက်ကပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ လုံးဝ မစည်ကားပါဘူး။ ကျုံးပတ်ပတ်လည်မှာလည်း ဘာမှမရှိပါဘူး။ လူတွေကလည်း ဘယ်သူမှ မထွက်ဘူး။ မီးတွေကလည်းပျက် ရေတွေကလည်း လာတစ်ချက် မလာတစ်ချက် အဲလိုမျိုးပဲ ဖြစ်နေတာပါ။ နောက်ပြီး ပဇီကြီးကိစ္စနဲ့ လူတွေက အားလုံးကစိတ်ညစ်နေကြတဲ့ အချိန်ဖြစ်နေတော့ ပဇီကြီးကိစ္စကို Facebook တက်တိုင်း ကြည့်လိုက်ရတာနဲ့ လူတွေက စိတ်မချမ်းမသာနဲ့ လူတွေက အဲဒါမျိုးပဲ ဖြစ်နေကြပါတယ်။ နောက် လူတွေက တော်တော်ကို စိတ်ဓာတ်ကျနေကြပါတယ်။ သူတို့ရဲ့လုံခြုံရေးကင်းတွေနဲ့ သူတို့ရဲ့လုံခြုံရေးတွေပဲ များနေတာပါပဲ သူတို့ဌာနဆိုင်ရာနဲ့ သူတို့နဲ့ ပတ်သက်တဲ့ဟာတွေပဲ လာနေကြပါတယ်။”

စစ်သင်တန်းကျောင်းတည်ရှိရာ မေမြို့မှာလည်း စစ်တပ်မိသားစုတွေသာ သင်္ကြန်ကို ဆင်နွှဲကြပေမယ့် ဒေသခံတွေက သင်္ကြန်ကို လုံးဝဆင်နွှဲခြင်းမရှိဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“မေမြို့သင်္ကြန်ကတော့ မစည်ပါဘူး။ ဧည့်သည်တွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ မြို့ထဲမှာ ခြောက်ကပ် နေတာပဲ။ ကလေးတွေတောင် ရေပက်တာ မတွေ့ရပါဘူး။ ရေပက်နေတာ ရေပက်ခံထွက်နေတာ လုံးဝမတွေ့ ရဘူး။ ကန်တော်ကြီးမှာတော့ လူနည်းနည်းရှိတယ်လို့ ပြောတယ်။ သူတို့ရဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေ မလာမနေရနဲ့ ကလေးတွေခေါပြီး ကခိုင်းပြီးတော့ ဆရာမတွေ မိတ်ကပ်တွေလိမ်းပြီး စိတ်ညစ်နေတာတွေ မနက်က သတင်းကြားပါတယ်။ သူတို့လည်း မသွားချင်သွားချင်နဲ့ သွားရတာပေါ့နော်။ လူတွေကတော့ အခုလောလောဆယ် ဖြစ်ထားတဲ့ ကိစ္စတွေရော ဘာတွေရောနဲ့ စိတ်ဓာတ်တွေလည်း ကျပြီး စိတ်တွေတော့ ညစ်နေပြီးတော့ သင်္ကြန်ကိုလည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ စီစဉ်ချင်တဲ့ စိတ်လည်း မရှိဘူးလို့ ထင်တယ် လူတွေအားလုံး ပြောနေကြတာတော့ သူတို့လုပ်တဲ့ သင်္ကြန်ကိုလက်မခံဘူး စိတ်လည်းမဝင်စားဘူး ခြောက်ကပ်နေတာပဲ။”

စစ်ကောင်စီက အပြင်းအထန်ဖိနှပ်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာလည်း ပြည်သူတွေက သင်္ကြန်မှာပျော်ရွင်ခြင်း လုံးဝမရှိဘူးလို့ ပြောကြပါတယ်။

signal-2022-04-13-08-55-52-884-16.jpg
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကစားမဏ္ဍပ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က တွေ့ရစဉ်။ (Photo: RFA)

မုံရွာမြို့နယ်မှာဆိုရင် လမ်းတွေမှာ တိတ်ဆိတ်ခြောက်သွေ့နေပြီး တရားစခန်းဝင်သူတွေ ဥပုသ်စောင့်ကြတာတွေ များတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သင်္ကြန်က သမီးတို့ ဆီကတော့ ဒီတိုင်းတိုင်းပဲခြောက်လို့ လမ်းပေါ်တောင် လူမရှိဘူး။ သူတို့နားလေးတော့ ရှိမှာပေါ့။ တပ်အသိုင်းအဝိုင်းတို့ ဘာတို့အဲလိုမျိုး ရှိမှာပေါ့။ ဝန်ထမ်းတွေတို့ သူတို့ဟာသူတို့ တရားစခန်းသွားတဲ့သူနဲ့ ဥပုသ်ကျောင်းသွားတဲ့သူ ဒီလောက်ပဲ။ ရေကတော့ ဘယ်သူမှမပက်ဘူး။”

ရေစကြိုက ဒေသခံကလည်း မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ မဏ္ဍပ်တွေသာရှိပြီး သူတို့ကို ထောက်ခံတွေသူတွေသာ သင်္ကြန်ကို ဆင်နွှဲကြတယ်လို့ ပြောပါတယ်။

“တပ်တွင်း မဏ္ဍပ်တွေတော့ ရှိတယ်။ လုံခြုံရေးတွေ အပြည့်နဲ့ပဲပေါ့။ အကုန်လုံးက ဒလန်တွေပျူတွေချည်းပဲ။ အရင်ကလို ပြောရင် ၅ ထောင်စားတွေပေါ့ဗျာ။ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကတော့ မပါဘူးဗျ။ ဒီအာဏာလုစစ်တပ်နဲ့ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက လုံးဝပတ်သက်တာမျိုး မရှိစေချင်ဘူး ရှင်းရှင်းနေစေချင်တယ်။”

ကရင်ပြည်နယ် ဖားအံမြို့က ဒေသခံတစ်ဦးကလည်း သူတို့ဒေသမှာ သင်္ကြန်ဟာ ခြောက်ကပ်နေပါတယ်လို့ ဆိုပါတယ်။

“ဘားအံမှာတော့ ခြောက်ကပ်နေတာပဲဗျာ။ ဌာနဆိုင်ရာမဏ္ဍပ်တွေမှာတော့ ဝန်ထမ်းနဲ့ လုံခြုံရေးတွေလောက်ပဲ ရှိတာ လူတွေအသွားအလာတော့ တော်တော်နည်းပါးပါတယ်။”

မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း တခြားဒေသတွေနည်းတူပါ။ အရင်က သင်္ကြန်ကို စည်စည်ကားကား ကျင်းပလေ့ရှိပေမယ့် ဒီနှစ် နေရာတချို့မှာသာ အနည်းအကျဉ်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတာတွေ့ရပြီး စတုဒီသာကျွေးမွေးတာတွေ ကုသိုလ်ကောင်းမှုပြုတာတွေဘဲ လုပ်ကြတာများတယ်လို့ မြို့သားတစ်ဦးက ပြောပါတယ်။

“မော်လှမြိုင်ရဲ့ သင်္ကြန်အနေအထားကတော့ လည်တဲ့ပတ်တဲ့လူတွေလည်း ရှိပါတယ်။ စတုဒီသာ ကျွေးနေတာ တွေလည်း ရှိပါတယ်။ တစ်ချို့နေရာတွေမှာ ရှိတယ်ပေါ့နော်။ လည်ပတ်နေတယ် ဆိုတာကလည်း ၂၀၂၁ အာဏာမသိမ်းခင်တုန်းက မော်လမြိုင် သင်္ကြန်စည်သလိုမျိုးတော့ မဟုတ်ပါဘူး။ အနည်းအကျဉ်းလောက်ပဲ လည်ပတ်ပျော်ပါးနေကြတာတွေ ရှိတယ်။ တစ်ချို့ကျတော့ ကိုယ့်အိမ်အတွင်းမှာပဲ ကုသိုလ်ကောင်းမှု လုပ်တာတွေ ရှိတယ်။ အများအားဖြင့် ဘုဉ်းကြီးကျောင်းတွေသွား ရိပ်သာဝင်နေတဲ့လူတွေက ပိုများတယ်ပေါ့ နော်။ အခုလိုညဘက်ဆိုလို့ရှိရင် ဗဟိုမဏ္ဍပ်မှာ ဖျော်ဖြေရေးတွေ လုပ်တယ်ပေါ့နော်။ အဲဒီမှာလည်း သီချင်း နားထောင်တဲ့ လူတွေတော့ ရှိတယ်။ ဒါပေမဲ့ အများကြီးမဟုတ်ဘူး အနည်းအကျဉ်းလောက်ပဲပေါ့နော်။ အရင်ကထက်စာရင် ငါးပုံပုံတစ်ပုံ လူစုလူဝေးလောက်ပဲ ရှိတယ်ပေါ့နော်။”

ကချင်ပြည်နယ် ဖားကန့်မှာကော ဘယ်လိုရှိပါသလဲ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မစည်ကားခဲ့တဲ့ သင်္ကြန်ဟာ ဒီနှစ်မှာတော့ အဆိုးဆုံးပါပဲလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဒီ၂၀၂၃ ခုနှစ် ဖားကန့် ဒေသပေါ့နော် ကျောက်စိမ်းတွင်းဒေသရဲ့ သင်္ကြန်ကာလ အခြေအနေကတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကဆိုရင် တိုးမပေါက်အောင် စည်တဲ့ အနေအထား ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အခြေအနေ ၂ နှစ် ၃ နှစ်အတွင်းပေါ့ ဒီနှစ် အခြေအနေကတော့ လုံးဝလမ်းပေါ်မှာကို လူတွေတိတ်ဆိတ်နေတဲ့ အနေအထားကို ရှိပါတယ်။ ဒီကချင်ပြည်နယ်ထဲမှာ စစ်တပ်က အုပ်ချုပ်ရေးယန္တရား တည်ထောင်လို့မရဘူးဆိုတာ ပြချင်တာ။ ပုဂ္ဂလိကမဏ္ဍပ်တွေလည်း ဒီလိုရေကစားဖို့ လုပ်ဆောင်တာ မရှိဘူး။ ဌာနဆိုင်ရာ ရုံးတွေစိုက်ထားပါတယ်ဆိုတဲ့မြို့ ခါတိုင်းဆိုရင် ပုံမှန်သေချာပေါက် မဏ္ဍပ်တွေ ထိုးတယ်ပေါ့။ အခု ၂၀၂၃ ခုနှစ်မှာတော့ ဘာမဏ္ဍပ်မှ တည်ထောင်နိုင်ခြင်း မရှိဘူး။”

အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်တည်ငြိမ်အေးချမ်းကြောင်း ပြည်တွင်းပြည်ပကို ပြသဖို့ကြိုးစားတဲ့အနေနဲ့ သင်္ကြန်ကို စည်စည်ကားကား ကျင်းပနိုင်ဖို့ မတ်လလယ်လောက်ထဲက စပြီး ပြင်ဆင်ခဲ့ပါတယ်။

"ကျုံးပတ်ပတ်လည်မှာလည်း ဘာမှမရှိပါဘူး။ လူတွေကလည်း ဘယ်သူမှ မထွက်ဘူး။"

ဒါပေမဲ့ တစ်ဖက်မှာလည်း နိင်ငံရေးအခြေအနေကြောင့် အတာသင်္ကြန်ပွဲတော် မကျင်းပဖို့၊ စစ်ကောင်စီကျင်းပမယ့်ပွဲမှာလည်း မပါဝင်ဖို့ ဒီမိုကရေစီလှုပ်ရှားသူတွေက လှုံ့ဆော်ခဲ့ကြသလို စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ရေကစားမဏ္ဍပ်တွေကိုလည်း ဗုံးဖောက်ခွဲမှုတွေ ရှိခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် မနက်ပိုင်းကဆိုရင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့သလို ရှမ်းပြည်နယ်လားရှိုးမြို့မှာလည်း ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသားလေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သင်္ကြန်ဟာ ခြောက်ကပ်နေပေမယ့် မန္တလေးနဲ့ ပဲခူးစတဲ့ မြို့တစ်ချို့မှာ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကို ပြည်သူတစ်ချို့ သွားရောက်ဆင်နွှဲတာတွေ ရှိပါတယ်။

စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ မြန်မာပြည်သူအများစု မပါဝင်ကြပေမယ့် စစ်အာဏာရှင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာအများအပြား စစ်ကောင်စီ ဦးဆောင်ကျင်ပးပတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အပေါ် လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြစ်တင်ဝေဖန်တာတွေကို မြင်တွေ့နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။