သန်းခေါင်စာရင်း ရက်တိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင်
2024.10.16
Update 5:20 PM, Oct 16,2024
နိုင်ငံတစ်ဝန်းမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ပေမဲ့ မပြီးစီးသေးတဲ့ ဒေသတွေ ရှိနေတာကြောင့် ရက်ထပ်တိုးပြီး ဆက်လက် ကောက်ယူသွားမယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက RFA ကို အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတစ်ဝန်းက ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းနီးပါး၊ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်ကို ကောက်ကွက်ပေါင်း တစ်သိန်းကျော်မှာ လူအင်အား လေးသောင်းခန့် အသုံးပြုပြီး စာရင်းကောက်ယူနေတာပါ။
ထပ်တိုးကောက်ယူမဲ့အစီအစဥ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ သတ်မှတ်ထားတာ မရှိဘူးလို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
“ကျွန်တော်တို့ ကျန်နေသေးတာတွေ စာရင်း ဆက်ကောက်နေပါတယ်။ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိတော့ ပုံမှန်ကောက်တာပေါ့။ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိကတော့ ပုံမှန်ကောက်တာပဲ။ အဲဒီတော့ ဒီအထဲမှာက ကျန်နေတဲ့လူတွေကိုလည်း ဆက်ပြီးတော့ ကောက်နေတယ်။ အဓိက ကတော့ ၃၀ ရက် ၉ လက ညသန်းခေါင်မှာ ရှိတဲ့နေရာစာရင်းကို လိုက်ကောက်တာလေ။ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ဆက်ကောက်နေမှာပါ။ အဲဒီကာလ ဘယ်အထိတော့ သတ်မှတ်ထားတာ မရှိပါဘူး။ စုံအောင် ကောက်နေတာပါ”
လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသတွေနဲ့ မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေရဲ့ စာရင်းအားလုံး ပါဝင်နိုင်ဖို့အတွက် သန်းခေါင်စာရင်း အချက်အလက်ကို အချိန်ယူပြီး ကောက်ခံဖို့ လိုနေတာလို့ သူက ပြောပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းကို ဘယ်လောက်အထိ ကောက်ယူနိုင်ခဲ့တယ် ဆိုတာကိုတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
“စစ်ကောင်စီက အချိန်ထပ်တိုးကောက်လည်း ကောက်ကွက်ပြည့်အောင် ကောက်နိုင်မှာ မဟုတ်ပါဘူး”
စစ်ကောင်စီရဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကလည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ခံဖို့ ကျန်နေသေးတဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ သန်းခေါင်စာရင်း ကော်မတီကို ဆက်သွယ်ပေးဖို့နဲ့ ဆက်သွယ်လာသူတွေကို ပြန်လည် စာရင်းကောက်ယူပေးသွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၃၃၀ အထဲက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေ နေ့စဥ်ရှိနေပြီး မြို့နယ်တချို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက နေရာမလပ် သန်းခေါင်စာရင်း ကောက်ယူဖို့ ခက်ခဲနေတာလို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာဆိုရင် ရွာပေါင်း ၂၇၀ ကျော်အနက် သန်းခေါင်စာရင်း ကောက်ယူနိုင်တာက ဆယ်ရွာလောက်သာ ရှိနိုင်တယ်လို့ တန့်ဆည်ဒေသခံ ကိုနေမျိုးက RFA ကို ပြောပါတယ်။
“စစ်တပ် ထောက်ခံနေတဲ့သူတွေပဲ ကျန်ခဲ့ပြီးတော့ စစ်တပ်ကို မထောက်ခံတဲ့သူတွေက သူတို့ကို ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ ရှိတဲ့အတွက်ကြောင့် အကုန်လုံးက NUG စိုးမိုးနယ်မြေ ကျေးရွာတွေကို ပြောင်းပြီး လာကြတာပေါ့။ ရွာမှာလည်း လူဦးရေစာရင်းက အတိအကျ မရနိုင်တော့ဘူး။ သူတို့ကောက်မယ်ဆိုရင် အားလုံးပေါင်း ၂၇၁ ရွာ ရှိတဲ့အထဲမှာ ဆယ်ရွာလောက်တော့ ကောက်လို့ရနိုင်မယ်။ ဒါလည်း အရောင်ပြပဲဖြစ်မယ်။ စာရင်းက မှန်ကန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ရန်ကုန်တိုင်းမှာတော့ သန်းခေါင်စာရင်း မထည့်လိုက်ရတဲ့သူတွေ ရပ်ကွက်ရုံးတွေမှာ စာရင်းလာပေးကြဖို့ ရပ်ကွက်တာဝန်ရှိသူတွေက လော်စပီကာတွေနဲ့ ဒီနေ့ လိုက်လံကြေညာနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ သူတို့ လုံခြုံရေး အားကောင်းတဲ့ မြို့နယ်တောင် စာရင်းကောက်ယူတဲ့နေရာမှာ တချို့ဟာတွေက ပြည့်ပြည့်စုံစုံ မရှိဘူး။ ဥပမာ တိုက်တစ်လုံးကို သူတို့ကောက်တယ်ဆိုရင် မပေးချင်တဲ့အိမ်က တံခါးပိတ်သွားတယ်။ မပြောချင်တဲ့အိမ်က မိသားစုလိုက် ခဏရှောင်ထွက်သွားတယ်။ အဲဒီတော့ ဒီနေ့ သူတို့ကောက်လို့ အဆင်မပြေရင် နောက်နေ့ လာကောက်တယ်။ နောက်နေ့ကျတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပေးပါလို့ တောင်းဆိုပေမဲ့ ဘယ်သူမှမသွားဘူး။ လမ်းမှူးတို့ အဲဒီမှာ အဖွဲ့အစည်းတွေကနေ ကောက်ကွက် တစ် ဆိုရင် ဘယ်နှလမ်းမြောက်အထိ ကောက်ကွက် နှစ်ဆို ဘယ်နှလမ်းမြောက်အထိ အဲဒီလို ပေးပြီးတော့မှာ။ ကောက်ကွက်တစ်မှာ ကျန်နေတဲ့သူတွေ သက်ဆိုင်ရာ ရပ်ကွက်ရုံးကို လာပေးပါဆို ဘယ်သူမှ လာမပေးဘူး။ ရုံးမှာလည်း သူတို့ ထိုင်နေတာပဲရှိတာ အလုပ်မလုပ်ရဘူး”
သန်းခေါင်စာရင်းကောက်ယူမှုမှာ မေးမြန်းတဲ့ နိုင်ငံခြားရောက် မိသားစုဝင်တွေကိစ္စ၊ ဘာသာစကားပြောဆိုမှု၊ ဒေသတွေ ရွှေ့ပြောင်းနေထိုင်ရမှုအခြေအနေ၊ အလုပ်အကိုင်စတဲ့ မေးခွန်းတချို့နဲ့ ပတ်သက်လို့လည်း ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်မှာတော့ မတ် ၃၀ ကနေ ဧပြီ ၁၀ ရက်အထိ ၁၂ ရက် ကြာမြင့်ခဲ့ပြီး ရခိုင်၊ ကရင်နဲ့ ကချင်ပြည်နယ်တွေမှာရှိတဲ့ ဒေသတချို့ကလွဲရင် တစ်နိုင်ငံလုံး ၉၈ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း အချက်အလက်မမှန်နိုင်ကြောင်း လေ့လာသူတွေပြော
စစ်ကောင်စီသန်းခေါင်စာရင်း မြို့နယ်အချို့မှာ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရ
စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်
အခုကောက်နေတဲ့ သန်းခေါင်စာရင်း အစီအစဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ဆန့်ကျင်ကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။
ဒါကြောင့် စစ်ကောင်စီက အချိန်ထပ်တိုးကောက်လည်း ကောက်ကွက်ပြည့်အောင် ကောက်နိုင်မှာ မဟုတ်ဘူးလို့ သန်းခေါင်စာရင်း ကောက်ယူမှုကို စောင့်ကြည့်လေ့လာနေတဲ့ ဒေါက်တာ စန်းအောင်က သုံးသပ်ပါတယ်။
“ထပ်ပြီးတော့ အချိန်တိုးပြီး သန်းခေါင်စာရင်း ကောက်လည်း ပြီးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သန်းခေါင်စာရင်း ကောက်လို့မရအောင် ခုခံကာကွယ်နေတဲ့ အင်အားစုတွေက အများကြီးပဲ။ ရန်ကုန်မှာတောင် ကောက်ဖို့က မလွယ်ဘူး။ ကောက်တဲ့သူတွေကို အရေးယူမှာကိုး။ ကောက်ရဲကြမှာကလည်း လူက အင်မတန် ရှားတယ်။ အဆင့်ဆင့် ဒေတာတွေကလည်း ကောက်ဖို့က တော်တော် ခဲယဥ်းလိမ့်မယ်။ ကိုယ့်ရဲ့လုံခြုံရေး အသက်အန္တရာယ်နဲ့ အဲဒါတွေက တွက်ရတာကိုး။ သန်းခေါင်စာရင်း ကောက်သူတွေ အားပေးတဲ့သူတွေကို ပစ်တာ ခတ်တာတွေက တော်တော်လေး ဖြစ်နေတာ။ ဒီအခြေအနေက သန်းခေါင်စာရင်း ကောက်ဖို့မလွယ်ဘူး”
အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူချိန်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
စစ်ကောင်စီကတော့ အခုကောက်ယူနေတဲ့ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေ စာရင်းကို လာမဲ့ ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး မဲစာရင်း မှန်ကန်ရေးမှာလည်း အသုံးပြုသွားမယ်လို့ ပြောဆိုပါထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် စစ်ကိုင်းတိုင်း တန့်ဆည်ဒေသခံ ကိုနေမျိုးနှင့် ရန်ကုန်မြို့ခံတစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)