မုန်တိုင်ပင်ရွာလူသတ်မှု တစ်နှစ်ပြည့်

RFA Burmese
2023.05.10
မုန်တိုင်ပင်ရွာလူသတ်မှု တစ်နှစ်ပြည့် စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ် မေလ ၁ဝ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားစဉ်။
Citizen Journalist

စစ်ကောင်စီတပ်သားတစ်ယောက် ကျကျန်ခဲ့တဲ့ တယ်လီဖုန်းထဲက မှတ်တမ်းအရ ၄၄ နာရီအတွင်း လူပေါင်း ၂၉ ယောက်အသတ်ခံရပြီး အိမ် ၃၀ လောက်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း မုန်တိုင်ပင်ရွာက ဖြစ်ရပ်ဟာ မေလ ၁၀ ရက်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်နှစ်အတွင်းမှာ ဘာတွေဆက်ဖြစ်ခဲ့လဲ၊ လက်ရှိသူတို့ ဘယ်လိုရှင်သန် နေထိုင်ကြလဲ အသတ်ခံရတဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ဘဝ ဘယ်လိုရှိနေလဲ ဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မုန်တိုင်ပင်ရွာသူ၊ ရွာသားတွေကို RFA က ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ပါတယ်။

“အခုအန်တီတို့ဟာ တစ်နှစ်ပြည့်လို့လည်း မေ့လို့မရပါဘူး။ အန်တီတို့ ရင်ကွဲနာကျရပါတယ်"

အခုနောက်ဆုံးသိရသမျှတော့ မိသားစုတွေဆုံးရှုံးလို့ ပူဆွေးသောကရောက်ခဲ့ရတဲ့ ရွာသူ၊ ရွာသားတွေမှာ ဒီနေ့အထိလည်း နောက်တစ်ကြိမ် ဒီလိုအဖြစ်ဆိုး ကြုံရမလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်နဲ့ ရှင်သန်နေရတုန်းဖြစ်နေပါတယ်။

ခုချိန်ထိတစ်လတစ်ကြိမ်လောက် စစ်တပ်ကရွာကိုဝင်ထွက်နေလို့ စစ်တပ်ဝင်လာတိုင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

“ကျုပ်တို့လည်း ဒုက္ခတွေမျိုးစုံနဲ့ လာရင်ပြေးဖို့ ပြင်နေရတာပါ။ လာရင်ဆိုတာ တောင်မယ်ဆိုရင် ကျုပ်တို့က မြောက်ပြေးရတာပါ။ မြောက်မယ်ဆိုရင် တောင်ပြေးနေရတာပါ။ မျက်ရည်မစဲခဲ့ရပါဘူး။ တစ်ရက်မှလည်း မေ့မရပါဘူး။ အခုလည်း မမေ့ပါဘူး။ ကျူပ်တို့သေသည်အထိလည်း မေ့မသွားတော့ပါဘူး”

မနှစ်ကဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမှာ ခင်ပွန်းနဲ့ အစ်ကိုအရင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ဦးပြောပြတာပါ။ အခုတော့ ကျန်ရစ်သူဘဝနဲ့ လုပ်ကိုင် စားသောက်ရခက်နေတယ်လို့ ပြောပြပါတယ်။

“ယောကျ်ားလုပ်စာလေးပဲ ထိုင်စားတတ်တာ။ မိသားစုဘာမှမလုပ်တတ်တော့ သွေးပျက်ပြီး အခုချိန်ထိလည်း ဘာမှလုပ်မစားတတ်ပါဘူး။ ထမင်းလည်းနပ်မမှန်၊ ရက်မမှန်နဲ့ စားရတဲ့ဘဝတွေပါ”

အဲဒီမုန်တိုင်ပင်ရွာကိုဝင်သွားတဲ့ စစ်ကောင်စီတပ်သားတွေက သူတို့ လူတွေဘယ်လို သတ်ခဲ့တယ်၊ ဘယ်နှစ်ယောက်သတ်ခဲ့တယ်ဆိုတာကို မြိန်ရည်ရှက်ရည်ထိုင်ပြောပြီး ကိုယ့်ဖာသာကိုယ်ရိုက်ထားတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေကို RFA က ရခဲ့တဲ့အတွက် မနှစ်က ဇွန်လမှာ အထူးဆောင်းပါး တင်ပြခဲ့ပါတယ်။

ရရှိတဲ့ဓာတ်ပုံတွေထဲမှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အရပ်သား ၃၀ လောက်ကို မုန်တိုင်ပင် ဘုန်းကြီးကျောင်းဝင်းထဲက ဇရပ်တစ်ဆောင်အောက်မှာ စုပြီးထိုင်ခိုင်းထားပုံ၊ အသတ်ခံ ထားရတဲ့ ရွာသားတွေနားမှာရပ်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ပုံ၊ သူတို့တပ်ဖွဲ့တွေ စခန်းချနားနေတဲ့ ပုံတွေလည်းပါဝင်ပါတယ်။ အဲဒီအပြင် ဓာတ်ပုံတွေမှာပါတဲ့ သေနတ် နံပါတ်အရ အဲဒီတပ်ဖွဲ့ဟာ ရန်ကုန်တိုင်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် (၄) လက်အောက်ခံ ခမရ ၇ဝ၈ ကဖြစ်နေတာ တွေ့ရတယ်ဆိုတဲ့အကြောင်းလည်း တင်ပြခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုနဲ့ပတ်သက်လို့ မျက်မြင်တွေရဲ့အဆိုအရ စစ်ကောင်စီတပ်နဲ့အတူ စစ်တပ်လိုလားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ အတော်များများပေါ်ထွက်လာခဲ့ပါတယ်။ ကိုယ်တိုင်ကြုံရတဲ့သူတွေရဲ့ ပြောပြချက်တွေ၊ ပြည်သူ့ဘက်ပြောင်းလာတဲ့ စစ်သားတွေရဲ့ ပြောပြချက်တွေ၊ ဒေသခံတွေ တယ်လီဖုန်းနဲ့ ရိုက်ယူထားတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေ၊ မီးရှို့ခံထားရတဲ့ရွာတွေကို ဂြိုဟ်တုကနေလှမ်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။

ဒါပေမဲ့ မုန်တိုင်ပင်ရွာက လူသတ်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ကတော့ ပထမဆုံးပေါ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင်ရိုက်ထားတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ ဘုန်းတော်ကြီးကျောင်း တည်နေရာပြမြေပုံ။
ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ ဘုန်းတော်ကြီးကျောင်း တည်နေရာပြမြေပုံ။

ဒီအကြောင်းကို RFA က ၂၀၂၂ ဇွန်လ ၁၇ ရက်မှာ တင်ပြခဲ့ပြီး နောက်မကြာခင်မှာပဲ မုန်တိုင်ပင် ရွာသားတွေကို တွေ့ဆုံမေးမြန်းထားတဲ့ နောက်ဆက်တွဲအခြေအနေ တင်ပြခဲ့ပါတယ်။ အဲဒီတင်ပြချက်မှာလည်း သားသုံးယောက်အသတ်ခံလိုက်ရတဲ့ အမေအိုက သူတို့ကြုံရတာကို ပြောပြထားပါတယ်။ မေလ ၁၀ ရက်မနက် ၆ နာရီ လောက်မှာ စစ်ကောင်စီတပ်သား အယောက် ၁၅၀ လောက်က ရွာထဲကို လက်နက်ကြီး တွေနဲ့ ပစ်ပြီးဝင်လာတဲ့အကြောင်း၊ နောက်တော့ သူအပါအဝင် တွေ့သမျှရွာသားတွေကို ဖမ်းတဲ့အခါ သူ့သားတွေလည်းပါသွားပြီး မေလ ၁၁ ရက်နေ့မှာ အသတ်ခံရတဲ့အကြောင်း တွေ ပါဝင်ပါတယ်။

မေလ ၁၂ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်း ရွာကနေပြန်ထွက်သွားပြီး မီးလောင်နေတဲ့ အိမ်တွေနဲ့ အိမ်တွေထဲမှာ မီးရှို့ထားခဲ့တဲ့အလောင်းတချို့ကို တွေ့တဲ့အကြောင်းလည်း ရွာသားတချို့က ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ တချို့ကရွာမှာပြန်နေကြပေမယ့် စစ်ကောင်စီတပ်ဟာ အဲဒီကတည်း ကနေ ခုချိန်ထိ ရေဦးမြို့နယ်ထဲမှာ လှည့်နေလို့ ပုံမှန်ပြန်မဖြစ်သေးတဲ့အကြောင်း ပြောကြပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း ရေဦးမြို့နယ်ထဲမှာ မုန်တိုင်ပင် အပါအဝင် ရွာပေါင်း ၅၃ ရွာက အိမ်ပေါင်း ၃၃၃၂ အိမ်ထိ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်းဒါဇင်နဲ့ချီ အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။

“ဒီဖြစ်ပြီး နောက်ပိုင်းမှာက ဒီဘက်မှာက သူတို့က တစ်လကိုတစ်ခေါက် သုံးလလောက် အမြဲဝင်တယ်။ ဝင်ပြီးတော့ အခုရောက်တော့ စစ်ကြောင်းက အခုတော့ဝေးသွားပြီပေါ့။ ရေဦးတောင်ဘက်ခြမ်း၊ ဒီပဲယင်းတောင်ဘက်ကခြမ်းတို့ အဲဒီဘက်ကို ဦးတည်နေတာ အခုအဲဒီဘက်မှာလည်း အမြဲလိုလို တိုက်ပွဲတွေကဖြစ်နေတာ။ နောက်ဆက်တွဲကတော့ ဒီနှစ်လုပ်ထားတဲ့ဟာလေးတွေလောက်ပဲ ဝေစားမျှစား စားနေကြရတာပေါ့”

မုန်တိုင်ပင်ရွာသားတစ်ယောက် ပြောပြတာပါ။

၂၀၂၂ မေလ ၁၁ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသူငါးဦး၏ အလောင်းနံဘေးတွင် ရိုက်ကူးထားသည့် ဓာတ်ပုံ။
၂၀၂၂ မေလ ၁၁ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသူငါးဦး၏ အလောင်းနံဘေးတွင် ရိုက်ကူးထားသည့် ဓာတ်ပုံ။

မုန်တိုင်ပင်ရွာဟာ အရင်က အိမ် ၄၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ လောက်ရှိခဲ့ပါတယ်။ အခုတော့ လက်ရှိ အခြေအနေအရ ရွာမှာ လူဘယ်နှစ်ယောက်ပြန်နေသလဲဆိုတာ RFA အနေနဲ့ ရှင်းရှင်းလင်းလင်းတင်ပြဖို့ မလွယ်သေးပါဘူး။

ဒါပေမဲ့ စားဝတ်နေရေးအတွက် စိုက်ရေးပျိုးရေး လုပ်ရသလို၊ တဖက်မှာလည်း မကြာခဏဝင်လာနေတဲ့ စစ်ကောင်စီတပ်ကို ရှောင်ပြေးနေရတယ်လို့ စောစောက ရွာသားက ပြောပြပါတယ်။

ကိုကျော်မင်းအောင်လို့ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ် သားတစ်ယောက်ဆုံးရှုံးထားရတဲ့ မိခင်ကတော့ သူ့သားကို လွမ်းတဲ့အခါတိုင်း သူ့သားဝတ်ခဲ့တဲ့ အင်္ကျီနဲ့ဦးထုပ်ကို ကြည့်နေရတယ်လို့ ပြောပြပါတယ်။

“အခုအန်တီတို့ဟာ တစ်နှစ်ပြည့်လို့လည်း မေ့လို့မရပါဘူး။ အန်တီတို့ ရင်ကွဲနာ ကျရပါတယ်။ အမြဲတမ်း တစ်ရက်မှ မေ့လို့မရပါဘူး”

မုန်တိုင်ပင်လူသတ်မှုနဲ့ပတ်သက်လို့ မနှစ်က ဇွန်လမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းတဲ့အခါမှာတော့ “ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ မြေပြင်ကိုစုံစမ်းမေးမြန်းပြီးမှသာ အကျိုးအကြောင်း ဖြေကြားနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ မေးမြန်းလျှက်ရှိပါတယ်” လို့ ပြောပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးတာ၊ အရေးယူတာ မတွေ့ရသလို၊ အခု တစ်နှစ်ပြည့်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။

အခုတစ်ကြိမ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ထပ်ပြီးဆက်သွယ်ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကိုင်းတိုင်းမှာ မုန်တိုင်ပင်ရွာလူသတ်မှုဖြစ်ပြီး နောက်ထပ် စစ်ရာဇဝတ်မှုကြီးတစ်ခုလို့ စွပ်စွဲပြောဆိုခံရတဲ့ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၂၀၀ လောက် သေဆုံးရတဲ့ဖြစ်ရပ်ပါ။

မုန်တိုင်ပင်ရွာသားတွေကတော့ ပူဆွေးဝမ်းနည်းမှုအတွက် တွန်းလှန်လိုစိတ်ဖြစ်နေတာ တွေ့ရပါတယ်။

“တရားမျှတမှုကတော့ အခုချိန်ထိ ဘာမှမရသေးပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တောင်းဆိုချင်တာကတော့ ဒီစစ်ဘီလူး မိစ္ဆာတွေကိုတော့ အမြစ်မကျန်မြေပါလှန်ပြီး တော့ တွန်းလှန်တိုက်ထုတ်ချင်တာကလွဲလို့ ကျန်တဲ့ဟာ ဘာမှမရှိသေးပါဘူး။ သူတို့ ဒီစစ်အာဏာရှင် မရှိမှသာလျှင် ကျွန်တော်တို့ ဒီဟာတွေက ပြန်ပြီးတော့ ကုစားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ စစ်အာဏာရှင်ကတော့ အမြစ်မပြတ်မချင်းကတော့ တို့က တွန်းလှန် တိုက်ထုတ်ရမှာပဲဖြစ်ပါတယ်”

သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦး ပြောသွားတာပါ။

လူသတ်ကြောင်း ကိုယ်တိုင်ပြောနေသည့် စစ်ကောင်စီတပ်သားများ၏ ဓာတ်ပုံအား တွေ့ရစဉ်။ (Photo: Citizen Journalist)
လူသတ်ကြောင်း ကိုယ်တိုင်ပြောနေသည့် စစ်ကောင်စီတပ်သားများ၏ ဓာတ်ပုံအား တွေ့ရစဉ်။ (Photo: Citizen Journalist)

မုန်တိုင်ပင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်လို့ သေချာပေါက် အပြစ်ပေးအရေးယူဖို့ လိုအပ်တယ်လို့ ရေဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။

“တော်လှန်ရေးအလွန်မှာတော့ စစ်ခုံးရုံးတွေနဲ့ အမိန့်ပေးသူနဲ့ အမိန့်ကိုအကောင်အထည် ဖော်တဲ့ သူတွေကြားမှာ တာဝန်အပြည့်အဝရှိတယ်ဆိုတာ ဒါကတော့ အားလုံးသိပြီးသား ပေါ့နော်။ ဥပဒေအရ ချိတ်ဆက်အရေးယူဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်ပြောချင် တယ်”

ကျန်ရစ်သူမိသားစုဝင်တစ်ယောက်ကလည်း တရားမျှတမှုလိုချင်တယ်လို့ ပြောပါတယ်။

“အစ်ကိုတွေ ယောကျ်ားတွေကို အရှင်လတ်လတ်သတ်ပြီး မီးရှို့ထားခဲ့တာ။ ဒီထက်နာကျည်းစရာလည်း မကျန်တော့ဘူး။ အခုကတော့ အခုလို အသတ်ခံရတဲ့ မိသားစုတွေအတွက် မျှတမှုလေးတွေတော့ ဖြစ်ချင်တာပေါ့လေ။ ဘာလို့ဆိုတော့ အကုန်လုံး ဒုက္ခတွေနဲ့ ကျန်ရစ်တာ။ ဖောက်တောက်တောက်၊ ရူးတူးတူး၊ သွပ်တွတ်တွတ်တွေ ကျန်ရစ်ကြတာဆိုတော့ သူတို့တတွေလည်း ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်၌ကလည်း ရူးတယ်ဆိုတဲ့ နာမည်မရတာတစ်ခုပဲ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။