အာဏာသိမ်းပြီးနောက် ကလေး ၃ဝဝ နီးပါး အပါအဝင် လူ ၄ဝဝဝ ကျော် အသတ်ခံခဲ့ရ
2023.09.26
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူဦးရေလေးထောင်ကျော် မတရားသတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင်ခဲ့တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။
ဒီစာရင်းဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အထိ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။
အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေတာတွေကို နိုင်ငံတကာက ဖိအားပေးအရေးယူဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ကပြောပါတယ်။
“ စစ်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ချမှတ်ထားတာရှိတယ်။ အရပ်ဘက်ပစ်မှတ်မထိဖို့၊ နောက်ပြီး အမျိုးသမီး၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို စတဲ့ လူ့အဖွဲ့အစည်းမှာ အားနည်းဆုံးသူတွေကို ထိခိုက်တဲ့ ကိစ္စတွေကိုတော့ တခြားနိုင်ငံတွေက နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီစစ်ကောင်စီက ပြောမရဆိုမရ နားမလည်တဲ့ သူတွေဖြစ်တဲ့အခါကျတော့ နိုင်ငံတကာက Support (အထောက်အပံ့) ပေးတဲ့အခါ အကူအညီအစားအသောက် ဆေးဝါးတင်မကဘဲ ဒီရပ်ရွာဒေသခံတွေကို ကာကွယ်ဖို့အတွက်လည်း နိုင်ငံတကာမှာ တာဝန်ရှိတယ်။ ဘာပဲဖြစ်ဖြစ် international Pressure (နိုင်ငံတကာ ဖိအား) ပေးစေချင်တယ်။ အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားတာ၊ နောက် တိုက်ပွဲထဲမှာ လူသေဆုံးမှုများတာ။ အများဆုံးသတ်တာ စစ်ကောင်စီ ဘက်က ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။”
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အရပ်သားတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေတယ်လို့ NLD အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေက ထောက်ပြ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရမှာ တစုံတရာ ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်တဲ့ စာရင်းမှာ အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့သူ စုစုပေါင်း ၄၁၀၈ ဦးရှိပြီလို့ ဖော်ပြပါတယ်။
NLD စာရင်းအရ မတရားသတ်ဖြတ်ခံရသူ ၄၀၁၁ ဦးထဲမှာ အမျိုးသား ၃၄၈၃ ဦးပါဝင်ပြီး အမျိုးသမီးက ၄၆၉ ဦးနဲ့ ကျန် ၅၉ ဦးကတော့ ဘယ်သူ ဘယ်ဝါဆိုတာ မခွဲခြားနိုင်ခဲ့တဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကြိုးပေးသတ်ဖြတ်ခံရသူ လေးဦး၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ ၁၁ ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ နှစ်ထောင်ကျော်၊ ဆေးဝါးကုသခွင့်မရလို့ သေဆုံးရသူ ၃၀ ကျော် စသဖြင့် အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။
ဆေးဝါးကုသခွင့်မရလို့ သေဆုံးရသူတွေထဲမှာ အကျဉ်းထောင်တွေအတွင်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများစု ပါဝင်တယ်လို့ဆိုပါတယ်။
အခုလ ၂၄ ရက်နေ့ကဆိုရင်လည်း အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ချခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့် (ခေါ်) အားကျယ်ဟာ စစ်တပ်က ဖမ်းဆီးပြီးနောက်မှရခဲ့တဲ့ နှလုံးရောဂါနဲ့ ထောင်တွင်းမှာ သေဆုံးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှ အကျဉ်းကျခဲ့ဖူးသူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုက ညံ့ဖျင်းလွန်းလှတယ်လို့ ထောက်ပြပါတယ်။
“ ထောင်တွင်းမှာ အရေးပေါ်အော်တဲ့အခါမှာ ဆရာဝန်တွေ ရောက်မလာဘူး။ အဆင့်ဆင့် တင်နေရတာတွေလည်း ပါတာပေါ့။ သူတို့လည်းရောက်လာကော အလောင်းပဲ ဖြစ်သွားပြီ။ ကျွန်တော်တို့ ကိုယ်တွေ့ကြုံခဲ့ရတယ်။ ထောင်တွေမှာ ထောင်အာဏာပိုင်တွေက အစ မသိချင်ယောင်ဆောင်ပြီး ရိုက်နှက် နှိပ်စက်လို့ သေဆုံးခဲ့ရသူတွေလည်း ကျွန်တော်တို့ မြင်းခြံထောင်မှာလည်း ကြုံခဲ့ရဖူးတယ်။ ထောင်တွေမှာရှိတဲ့ ထောင်ဆေးရုံတွေသည် လုံလောက်သော ဆရာဝန်မရှိဘူး။ ကျွမ်းကျင်တဲ့ ဆရာဝန်မရှိဘူး။ အကျဉ်းသားတွေကို စေတနာ တရားထက်သန်စွာနဲ့ ကုသပေးနေတဲ့ နေရာတွေမဟုတ်ဘူး။ ပြီးတော့ Paracap (ပါရာဆီတမော) ပဲရှိတယ်။ ဘာပဲ ဖြစ်ဖြစ် Paracap ပဲ။”
အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လို့ တင်ပြတဲ့အခါ ဆေးရုံ၊ ဆေးခန်း ပြသခွင့်ရဖို့ တစ်လကျော် စောင့်ဆိုင်းရတယ်လို့ အကျဉ်းသားဟောင်းတွေက ပြောပြပါတယ်။
NLD လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၀၀ နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင်ခံရပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲမှာ လွှတ်တော်အမတ်သုံးဦးနဲ့ NLD ပါတီဝင် ၉၇ ဦးပါဝင်ပါတယ်။
NLD ပါတီဝင်တွေ ရာနဲ့ချီ မတရားဖမ်းဆီးသတ်ဖြတ်ခံရတဲ့အပေါ် NLD ပါတီဝင် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အခုလိုပြောပါတယ်။
"NLD ပါတီဝင်တွေ အခုလို အသတ်ခံရတယ်ဆိုတာ အငြိုးအတေးနဲ့။ ကျွန်တော်တို့ ပါတီအပေါ်မှာ အငြိုးအတေးနဲ့ကို လုပ်တာပါ။ ကျွန်တော်တို့ ပါတီကို သူတို့မဲပုံးထောင်တိုင်းရှုံးတယ်လေ။ အဲ့ဒီအတွက်ကို အငြိုးအတေး ထားတာ။ ငါတို့မှာ လက်နက်ရှိတယ်။ ငါတို့မှာ သေနတ်ရှိတယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော်တို့ ပါတီဝင်တွေအပေါ်မှာ အငြိုးအတေးနဲ့ကိုလုပ်နေတာပါ။ အဲ့လိုပဲ ကျွန်တော်သုံးသပ်ပါတယ်။ "
NLD ပါတီဝင်တွေ အသတ်ခံရမှုမှာ မန္တလေးတိုင်းက အများဆုံး ဖြစ်ပြီး ၃၈ ဦးနဲ့ စစ်ကိုင်းမှာ ၁၄ ဦး၊ ပဲခူးနဲ့ ရန်ကုန်တိုင်းမှာ ၁၂ ဦးစီ၊ မကွေးတိုင်းမှာ ၇ ဦးနဲ့ ကျန် ကချင်၊ တနင်္သာရီ၊ မွန်၊ ရှမ်းနဲ့ နေပြည်တော်တွေမှာလည်း အသတ်ခံရသူတွေ ရှိခဲ့တယ်လို့ NLD ရဲ့ လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့ စာရင်းတွေက ဆိုပါတယ်။
ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ နေအိမ်တွေမီးရှို့ခံရတာအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ဘာသာရေး အဆောက်အအုံ ၉၄ လုံးဖျက်ဆီးခံခဲ့ရတယ်လို့လည်း NLD စာရင်းတွေမှာ ဖော်ပြပါတယ်။